နေပြည်တော်၊ ဇွန်(၁၀)

စစ်ကောင်စီ ဦးဆောင်ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲသမိုင်းတလျှောက် စံချိန်တင်အောင်မြင်မှုဖြစ်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ ပညာနှစ်သင်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇွန် ၉ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး နိုင်ငံအတိုင်းအတာအရ ရာခိုင်နှုန်းအနေနဲ့ ၆၇ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်မှာ အောင်မြင်သူ ၁၁၀,၀၀၀ နီးပါးအထိရှိခဲ့ပြီး ကျဆုံးသူမှာ ၅၉,၀၀၀ လောက်သာ ရှိခဲ့တာပါ။

အဲဒီထဲမှာ ထူးခြားမှုအနေနဲ့ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ မကွေး၊ကချင်နဲ့ချင်းပြည်နယ်တို့မှာ အောင်ချက်ရာခိုင်နှုန်း ၇၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး မကွေးတိုင်းဟာ နိုင်ငံအတိုင်းအတာအရ အောင်မြင်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။

CDM ကျောင်းဆရာတစ်ဦးကတော့ အောင်ချက်ရာခိုင်နှုန်းမြင့်တက်မှုဟာ မေးခွန်းလွယ်တာကြောင့် ဖြစ်နိုင်ပြီး စစ်ကောင်စီလက်ထက် အောင်မြင်သူတွေရဲ့ တက်မြောက်မှုအပိုင်းမှာ သံသယဝင်ခံရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အောင်ချက် မြင့်မားသွားတာက ဖြေဆိုတဲ့ သူလည်းနည်းတယ်လေ။ အားလုံးပေါင်းမှ ဖြေတဲ့သူက (၁၆၀၀၀၀) လား တွေ့လိုက်တာ။ အောင်တာက (၁၀၀၀၀၀) ကျော်ကျော်။ အောင်ချက်တွက်တော့ အောင်ချက်မြင့်တာပေါ့။ ဒါကထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ။ စနစ်ဟောင်းရဲ့ နောက်ဆုံးနှစ်ဖြစ်တယ်ဆိုတော့ မေးခွန်းလည်းလွယ်တယ်။ အခုလည်း တွေ့နေရပါပြီ။ ဂုဏ်ထူးတွေ အများကြီးထွက်တဲ့ ကလေးတွေလည်းရှိတယ်။ သူတို့သည် ခုဏကပြောသလိုပဲ ဒီမေးခွန်းတွေက လွယ်နေတယ်။ မေးခွန်းတွေက အဆင့်အတန်းနိမ့်နေတယ်။ တကယ်ကြိုးစားပြီးတော့ထွက်နေတဲ့ ကလေးတွေအပေါ်မှာလည်း ကျွန်တော်တို့က သံသယတွေ ရှိနေနိုင်တယ်။ (၂၀၂၂-၂၀၂၃)အောင်လို့ ပြောလိုက်ရင် ဒီကလေးကတကယ်ရော တတ်တာများဟုတ်ရဲ့လားပေါ့။ ကလေးတွေရဲ့ အရည်အချင်းက ပြောရတော်တော်ခက်သွားတယ်။ သေချာတာ သူတို့ရဲ့တက်မြောက်မှုအပေါ်မှာ သံသယအဝင်ခံရမှာက သူတို့ရဲ့ဘဝတစ်သက်လုံးစာကို သံသယအဝင်ခံသွားရလိမ့်မယ်”လို့ ဆိုပါတယ်။

ဆယ်စုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်မှုကို သံလွင်တိုင်းမ်ကို စိစစ်ကြည့်ရာမှာတော့ ရာ ခိုင်နှုန်းအနေနဲ့ ၃၀ ရာခိုင်နှုန်းကျော်ကနေ ၅၀ ရာခိုင်နှုန်းနီးပါးလောက်သာ အောင်မြင်ခဲ့ပါတယ်။

အဲဒီထဲမှာ အရပ်သားအစိုးရလက်ထက်က နောက်ဆုံးဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ နိုင် ငံအတိုင်းအတာအရ အောင်မြင်မှုရာခိုင်နှုန်း ၃၂ ရာခိုင်နှုန်းကျော်သာ ရှိခဲ့တာပါ။

ပုဂ္ဂလိက ကျောင်းဆရာမတစ်ဦးကတော့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်စံချိန်တင်ရတာဟာ အောင်မှတ်မပြည့်လည်း အောင်ပေးတာတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“သင်္ချာဆိုရင် (၂၀)လောက်နဲ့ အောင်ပေးထားတယ်လို့ သတင်းကြားတယ်လေ။ လုံးဝစာမလုပ်ထားတဲ့သူ၊ တော်တော်အခြေအနေဆိုးဆိုးပဲ ကျမယ်နဲ့တူတယ်။ ဒီလိုအခြေအနေမျိုးမှား စနစ်သစ်ကို ပုံမှန်အတိုင်းပဲသွားနေတဲ့ ကလေးမျိုးလောက်ပဲ စနစ်သစ်ကို တက်ဖြစ်လောက်မယ်နဲ့တူတယ်။ ဘာကြောင့်လဲဆို သူတို့အတွက်က တော်တော်ကြီးကို အခက်အခဲရှိသွားနိုင်တယ်လေ။ အသက်အရွယ်အားဖြင့်ရော၊ ပြီးသွားလို့ရှိရင် စနစ်သစ်ဆိုတဲ့ဟာက ဒီစနစ်ဟောင်း မဟုတ်တော့တဲ့အတွက် စနစ်သစ်ကိုကူးပြီးတော့ပဲဖြေရမယ်ဆိုတဲ့အတွက် သူတို့ပြန်ပြီးတော့ လေ့လာရမှာတွေက များတယ်။ အရွယ်အားဖြင့်ရော၊ အချိန်အားဖြင့်ရော၊ ငွေရေးကြေးရေးအားဖြင့်ရော တော်တော်တော့ ခက်ခဲသွားနိုင်တာပေါ့။ အဲဒီတော့ အချိန်ကုန်မယ့်တူတူတော့ အပြင်မှာလက်မှုပညာပဲဖြစ်ဖြစ်၊ တခြားသင် တန်းဖြစ်ဖြစ် တက်ပြီးတော့ပဲ လုပ်စေချင်တော့တယ်။ ဒါမှမဟုတ်လို့ရှိရင်လည် ပြင်ပတက္ကသိုလ်တွေမှာလည်း ဒီအစိုးရ (၁၀)တန်း တက်ထားတဲ့သူတွေ ဆက်တက်လို့ရတဲ့ တက္ကသိုလ်တွေရှိတယ်။ ပိုက် ဆံအကုန်အကျ ခံနိုင်ရင်တော့ အဲဒီလိုမျိုးတွေမှာဘဲ ဆက်တက်စေချင်တော့တယ်၊ ဒီအစိုးရ ပညာ ရေး (၁၂)တန်းကို မဖြေစေချင်တော့ဘူးပေါ့”လို့ ဆိုပါတယ်။

ထူးခြားမှုအနေနဲ့ ဒီနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူအများစုမှာ ဂုဏ်ထူးပါဝင်မှုများပြီး တချို့ ပြင်ပကျောင်းတွေမှာဆိုရင် ရာခိုင်နှုန်းပြည့်အောင်မြင်မှုတွေရှိခဲ့တာပါ။

ဒါပေမဲ့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းအပေါ် ပြည်သူလူထုကြားမှာ ဝေ ဖန်မှုတွေရှိနေသလို မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.