စစ်တွေ၊ ဇွန်(၁၀)

စစ်ကောင်စီရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေဟာ အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇွန် ၉ ရက်၊ ရက်စွဲနဲ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေထံ ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လူမှုရေးအဖွဲ့အစည်းတွေကို ဇွန် ၈ ရက်နေ့ကစပြီး ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုအပေါ် UNOCHA က အခုလို သတိပေးလာတာ ဖြစ်ပါတယ်။

UNOCHA က ရခိုင်ပြည်နယ်အတွင်း ခရီးသွားခွင့်ရပ်ဆိုင်းမှုကြောင့် အကူအညီပေးမှုတွေ ရပ်တန့်သွားခဲ့ရသလို လူပေါင်းထောင်နဲ့ချီ အကူအညီတွေ ရရှိတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခရီးသွားခွင့်ကန့်သတ်ချက်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အဆိုပြုထားတဲ့ ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်တို့ကိုလည်း အကူအညီပေးမှုတွေ ရပ်ဆိုင်းလိုက်ရပြီလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

UNOCHA ကတော့ လက်ရှိမှာ မုန်တိုင်းဒဏ်သင့်ဒေသခံ ပြည်သူတစ်သိန်းကျော်ကို အမိုးအကာနဲ့အ ခြားလိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ကူညီပေးထားသလို ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ ၃ သိန်းနီးပါးကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UNOCHA ဟာ မုန်တိုင်းဒဏ်ဒေသတွေကို ကူညီခွင့်ရဖို့ စစ်ကောင်စီနဲ့ နေပြည်တော်မှာတွေ့ဆုံနေပြီး ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲအဆင့်မှာ ခရီးသွားလာခွင့် ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခတ်တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လူပေါင်း ၄၀၀ ကျော်သေဆုံးပြီး လူဦးရေ သိန်းနဲ့ချီ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.