ကျောက်ကြီး၊ ဇွန်(၁၀)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းဟာ ဇွန် ၉ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် ထွေအုပ်ရုံးနဲ့ ရဲစခန်းအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးသေဆုံးပြီး မြို့နယ်မီးသတ်ဦးစီးမှူး၊ စစ်ကောင်စီတပ်တပ်သားတစ်ဦးနဲ့ ထွေအုပ်ဝန်ထမ်းတစ်ဦးနဲ့ ရဲမိသားစုဝင်တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုဟာ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မြို့ နယ်အဆင့်အစည်းအဝေးလုပ်နေချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်းနဲ့မြို့ပြင်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားနေ ရာတွေကို KNLA ပူးပေါင်းတပ်တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.