မော်လမြိုင် – ဇွန်(၉)

လက်နက်ကိုင်ပြီး ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျတဲ့ စိတ်ဓာတ်ရှိသူတွေကို မြေပေါ်က အပြီးတိုင် မောင်းထုတ်နိုင်စေဖို့ အားလုံး ကြိုးစားဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၈) ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၃/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။

“လက်နက်ကိုင်ပြီး ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ စိတ်ဓာတ်ရှိသူတွေကို မြေပေါ်က အပြီးတိုင် မောင်းထုတ်နိုင်စေဖို့အတွက် အားလုံးကြိုးစားဆောင်ရွက်နေပါတယ်၊ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ခဲ့တဲ့ သမိုင်းတစ်လျှောက်ချိနဲ့ ပြိုလဲလုနီးနီးအထိဆောင်ရွက်လာနိုင်တာက ပြည်သူတွေရဲ့ ညီညွတ်မှု စိတ်အားထက်သက်မှုတွေကြောင့်ဆိုတာ လက်ရှိအခြေအနေတွေက သက်သေပဲ ဖြစ် တယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေကို ကြားကာလအခြေအနေအရ တော်လှန်စစ်ကို အထောက်အကူပြုနိုင်မယ့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို အာရုံစိုက်ပေးဖို့ဖြစ်ပြီး PDF တပ်တွေ အားကောင်းပြီးပြည်သူတွေကို အပြည့်အဝကာကွယ်ပေးဖို့ဟာ ကာကွယ်ရေးဝန်ကြီးဌာမှာ အဓိက တာဝန်ရှိပေမယ့် အာဏာရှင်ကို တိုက်ထုတ်ဖို့ ဘုံရည်မှန်းချက်တူညီကြသူအားလုံးမှာလည်း တာဝန်ရှိ တယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။

ပ.အ.ဖ၊ပ.က.ဖ၊ပ.လ.ဖ၊ PDF အဖွဲ့တွေအနေနဲ့ တဖွဲ့နဲ့တဖွဲ့ အထောက်အကူပြုကြဖို့လည်း တိုက်တွန်း ထားသလို ဝန်ကြီးဌာနတွေအနေနဲ့ အခြေအနေ(၂) ခုကြားဆောင်ရွက်နေရတဲ့အတွက် ခက်ခဲပြီး မူဝါဒတွေ ချမှတ်ဖို့ မလွယ်ကူတာကို နားလည်ပေမယ့် မဖြစ်မနေကျော်ဖြတ်ရမယ့် အခြေအနေဖြစ် တဲ့အတွက် တော်လှန်ရေးဦးဆောင်အစိုးရအနေနဲ့ မှတ်ကျောက်တင်မယ့် လုပ်ငန်းဖြစ်လို့ ကြိုးစား ဆောင်ရွက်ဖို့လည်း အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

ဆက်လက်ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်တွေ က (၂၂/၂၀၂၃) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှု အခြေအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ၊အမြဲတမ်းအတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.