ရန်ကုန်၊ ဇွန်(၉)

ပြည်ပထွက်ခွာမယ့် မြန်မာနိုင်ငံသားတွေအတွက် အသေးသုံးနိုင်ငံခြားငွေတွေကို ဝယ်ယူမယ့်ရက် ပြင်ပပေါက်ဈေးအတိုင်း ရောင်းချပေးနေတယ်လို့ ပုဂ္ဂလိကဘဏ်တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

အသေးသုံးနိုင်ငံခြားငွေကို ပြည်ပမှာသွားရောက်အလုပ်လုပ်သူတွေ၊ ဆေးကုသမှုခံယူသူတွေနဲ့ ပညာတော် သင်သွားမယ့်သူတွေအတွက် မြန်မာနိုင်ငံသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အတွင်းဝယ်ယူနိုင်ပြီလို့ ပုဂ္ဂလိကဘဏ်တွေက ဇွန် ၅ ရက်နေ့မှာ ထုတ်ပြန်ထားကြပါတယ်။

အလုပ်သွားလုပ်မယ့်သူတွေကို နိုင်ငံကူးလက်မှတ်မိတ္တူ၊ အလုပ်ခန့်စာ၊ လေယာဉ်လက်မှတ် မိတ္တူပါရှိရင် ရုံးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ရောင်းပေးနေတယ်လို့ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပညာသင်သွားရောက်မယ့်သူတွေအနေနဲ့ Passport of Education (PE) ဒါမှမဟုတ် တက်ရောက်မယ့် ကျောင်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ပြသရမှာဖြစ်သလို ဆေးကုသခံယူဖို့ ပြည်ပထွက်ခွာမယ့်သူဆိုရင်တော့ ဆေးကုသမှုဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတွေတင်ပြပြီး ဝယ်ယူနိုင်တယ်လို့ AYA ၊ AGD နဲ့ YOMA ဘဏ်တွေက ဆိုပါတယ်။

ငွေကြေးသုံးသပ်သူတစ်ဦးကတော့ ပြည်ပထွက်ခွာမယ့်သူတွေကို နိုင်ငံခြားငွေ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးရမှာဖြစ်ပေမယ့် ဗဟိုဘဏ်က အသေးစိတ်ညွှန်ကြားမှုမပါလို့ ပုဂ္ဂလိဘဏ်တွေက ပြင်ပပေါက်ဈေးအတိုင်း ရောင်းချနိုင်တဲ့ အခြေအနေဖြစ်သွားတယ်လို့ ပြောပါတယ်။

“အခုက နည်းနည်းခက်ခဲတဲ့အပိုင်းတွေရှိတယ်။ ဆေးကုတာတို့၊ ကျောင်းငွေသွင်းတာတို့ ဒေါ်လာလည်း လိုအပ်နေသေးတာကိုး။ အဲဒီဟာတွေကျတော့ ခွင့်ပြုတယ်ဆိုပေမယ့် တကယ်ဆိုရင် အစိုးရသတ်မှတ်ထားတဲ့ ပေါက်ဈေးအတိုင်းရောင်းရ၊ ဝယ်ရမယ့်အတိုင်းပဲ သွားရမှာလေ။ ဘာလို့လဲဆို လိုင်စင်ယူထားတာက ဘဏ်တွေရဲ့ Exchange ကောင်တာက ဗဟိုဘဏ်ကနေ သွားရတာကိုး။ (ဗဟိုဘဏ်ထုတ်ပြန်စာ) သူပြောတာက ရောင်းလို့ရတယ်ပဲ ပြောတာ။ ဘယ်ဈေးနဲ့ ရောင်းလို့ရမယ်ဆိုတာ အမိန့်စာထဲမှာ မပါတော့ (ပြင်ပပေါက်ဈေးနဲ့) ရောင်းလို့ ရသွားတာပေါ့” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ပြည်ပမှာအလုပ်လုပ်မယ့်သူတွေ၊ ပညာသင်သွားမယ့်သူတွေနဲ့ ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေတွေ တိုးမြှင့်ရောင်းချပေးဖို့နဲ့ နိုင်ငံတ ကာသုံး ငွေပေးချေကတ်တွေနဲ့ သတ်မှတ်ပမာဏာအတွင်း ရောင်းချဖို့စီစဉ်ထားပြီလို့ ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က ထုတ်ပြန်ထားတာပါ။

နိုင်ငံခြားငွေပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာ ၂၉၄၀ ကျပ်အထိ ပေါက်ဈေးရှိနေပေမယ့် ဗဟိုဘဏ်ကတော့ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားတာကို ပြောင်းလဲဖို့ အစီအစဉ်မရှိသေးဘူးလို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.