ကျောက်ကြီး၊ ဇွန်(၉)

KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းရှိ နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ(၅) ခု စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇွန်(၈)ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

KNU မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံထားအရှေ့ကင်း၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိ တံတားအနောက်ကင်းနဲ့ ဘုံသတောတပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)လက်အောက်ခံပူးပေါင်းအဖွဲ့တွေက တပြိုင်နက်ထဲ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေဖြစ်ကြတဲ့ နတ်သံကွင်းတံတား၊ အုန်းနဲပင်နဲ့ နယွဲပင်ကြားရှိတံတားနဲ့ သာစည်နဲ့တာဆုံကြားရှိ တံတား(၃)စင်းကိုလည်း ချိုးဖျက်ခဲ့တယ်လို့ KNU က ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်မှ (၄၀)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA တပ်မဟာ(၃)ပူးပေါင်းအဖွဲ့ဘက်ကလည်း (၄)ဦးကျဆုံးကာ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်စခန်းတွေ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့တစ်ရက်တည်း ဂျက်ဖိုက်တာ လေယာဉ်နဲ့ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်တွေနဲ့ ၉ ကြိမ် လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ် စခန်းတွေကလည်း ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် KNU ကျောက်ကြီးမြို့နယ်က နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စတဲ့ကျေးရွာတွေနဲ့ KNU မုန်းမြို့နယ်က ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စတဲ့ကျေးရွာတွေက လူဦးရေ စုစုပေါင်း ၄၅၀၀ကျော်ဟာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် နတ်သံကွင်းတံတားနဲ့ နတ်သံကါင်းမြို့ရဲစခန်းတွေမှာ ပြန်လည်ဝင်ရောက်တပ်စွဲတဲ့ စစ်ကောင်စီတပ်က နတ်သံကွင်းတံတားနဲ့ ရဲစခန်းအနီးရှိ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၆)က ထွက်ပြေး တိမ်းရှောင်ခြင်းမရှိတဲ့ ဒေသခံပြည်သူတွေကို ရပ်ကွက်တွေထဲကနေ အတင်းပြောင်းရွှေ့ခိုင်းတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.