တနင်္သာရီ၊ ဇွန်(၉)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာမှာ ရိက္ခာလာပြန်ယူတဲ့ စစ်ရှောင်ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၇ ရက်နေ့ နေ့လည်ပိုင်းက ညောင်ပင်ကုန်းကျေးရွာမှာ ရိက္ခာလာပြန်ယူတဲ့ စစ်ရှောင်ဒေသခံ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးဟာ စားနပ်ရိက္ခာလာပြန်ယူစဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က သူတို့ဖမ်ဆီးလိုက်တဲ့ စစ်ရှောင်ဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးသွားတဲ့ စစ်ရှောင်ဒေသခံတွေကို တနင်္သာရီအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၅၆) နဲ့ အမှတ် (၃၀၆) အမြောက်တပ်တွေမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ညောင်ပင်ကုန်းကျေးရွာဒေသခံတွေဟာ ပြီးခဲ့တဲ့ မေလကုန်ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.