မော်လမြိုင်၊ ဇွန်(၉)

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အများပြည်သူသုံးလမ်းပိုင်းတွေမှာ တိုက်ပွဲတွေအပြင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ယာဉ်မောင်းတွေက တညီတညွတ်တည်း ပြောဆိုလာပါတယ်။

အများပြည်သူသုံးလမ်းပိုင်းတွေဟာ အရင်ကကုန်ပစ္စည်း ပို့ဆောင်တာနဲ့ ခရီးသွားလာရာမှာ နေ့ရောညပါ လုံခြုံစိတ်ချစွာသွားလာလို့ရခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ဒေသအများစုရဲ့ လမ်းပိုင်းတွေမှာ မကြာခဏဆိုသလို ပစ်ခတ်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိနေသလို မီးရှို့ဖျက်ဆီးသတ် ဖြတ်ခံရတာတွေပါ ရှိလာတဲ့အတွက် လုံခြုံမှုကင်းမဲ့လာတာ ဖြစ်ပါတယ်။

အများပြည်သူသုံးလမ်းပိုင်းဖြစ်တဲ့ ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုလမ်းမကြီး တစ်ခုတည်းမှာပဲတင်ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်အတွင်း ခရီးသွားကားနဲ့ ကုန်တင်ကားတွေ ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခံခဲ့ရပြီး အဲဒီဖြစ်စဉ်တွေကြောင့် ယာဉ်မောင်းနဲ့ခရီးသွား ၃ ဦး သေဆုံးကာ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

ကုန်တင်ယာဉ်မောင်း တစ်ဦးကတော့ စစ်ကောင်စီလက်ထက် ခရီးသွားလမ်းသွားရာမှာ အရင်လို လုံခြုံမှုမရှိတော့သလို အသက်အန္တရာယ်ကြားက ချင့်ချိန်ပြီး သွားလာနေရသလို အမြဲတမ်းစိုးရိမ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လုံခြုံရေးကတော့ ဘယ်ဟာမှ စိတ်မချရပါဘူးဗျာ။ လမ်းမှာလည်း လုံခြုံရေးဆိုတာ စိတ်မချရဘူး၊ (၂)ဦး (၂) ဖက်ကြားထဲက ကားသမားတွေက မြေဇာပင်ပေါ့ဗျာ။ အခုလောလောဆယ်ကတော့ ကျွန် တော်တို့ကတော့ ဘယ်ပြေးပြေး အဆင်မပြေပါဘူးဗျာ။ စစ်အာဏာရှင်ဘက်လည်း နည်းနည်းနေရတာကြောက်ရ၊ ဟိုဘက်လည်း နေရတာကြောက်ရဆိုတော့ ကြားထဲကလူဖြစ်နေတာပေါ့ဗျာ။ လမ်းမှာစနည်းနာပြီးတော့ သွားရတာပေါ့ဗျာ။ တိုက်ပွဲဖြစ်နေတယ်ဆို ရပ်ပေါ့ဗျာ။ ကံကောင်းရင်တော့ လွတ်မှာပေါ့။ ကံမကောင်းရင်တော့ သေပေါ့ ဒါပဲရှိတာကို။ စိုးရိမ်ရတဲ့ အခြေအနေတွေကြီးပဲ။ ကားတိုင်းကားသမားတိုင်းတွေပေါ့နော်။ ကိုယ့်အသက်အန္တရာယ်ကိုလည်း ကြည့်ရတာပေါ့ဗျာ အဲဒါမျိုး၊ ချင့်ချိန်ပြီး သွားနေရတာပေါ့”လို့ ဆိုပါတယ်။

ကုန်စည်ပို့ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ လမ်းပိုင်းတွေမှာ လုံခြုံမှုမရှိတော့တဲ့အတွက် အရင်လို ကုန်စည်စီးဆင်းမှုတွေ မရှိတော့သလို အသက်အန္တရာယ်ကြားမှာ သွားလာနေရတာကြောင့်လည်း အကြိမ်ရေလျော့ချ ပြေးဆွဲလာရတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ဂိတ်တွေ ဖွင့်လှစ်ပြီး နည်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံတာတွေ များလာသလို ငွေကြေးမပေးဆောင်ပါကလည်း ပစ်ခတ်ဖမ်းဆီးတာတွေ ကြုံနေရတာပါ။

ယာဉ်မောင်းတစ်ဦးကလည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ တောင်းသလောက်မပေးပါက ရိုက်နှက်တာတွေ ရှိနေတဲ့အတွက် မလုံခြုံမှုကိုအကြီးအကျယ် ခံစားနေရတယ်လို့ ပြောပါတယ်။

“ဂိတ်ပေါင်း ဘယ်လောက်ရှိလဲ ကျွန်တော်မပြောလိုဘူး။ ကျွန်တော်ကိုယ်တိုင် မရေနိုင်ဘူး။ တစ်ခါတစ်လေဆို မြို့တစ်မြို့မှာဆိုရင် ဂိတ်က (၂)ဂိတ်လောက် ရှိတယ်။ ပျမ်းမျှကုန်ကျတဲ့စရိတ်က မော်လမြိုင်နဲ့ မန္တလေး အသွားအပြန်ဆိုရင် (၅)သောင်းနဲ့ အထက်ပေါ့။ အပြောအဆို အဆင်မပြေတဲ့ ကားဆရာတွေဆိုရင်တော့ ပိုပြီးကုန်ကျစရိတ် များတာပေါ့နော်။ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်တို့လည်း ကားမောင်းမှ ထမင်းစားရတာ။ အဲဒီအခါကျတော့ တဖက်တည်းကိုလည်း နင်းပြောလို့ မရဘူးလေးနော်။ ဘယ်သူပဲဖြစ်ဖြစ်ပါ မိသားစုလည်းရှိတဲ့ ကျွန်တော်တို့တွေကိုတော့ ကိုယ်ချင်းစာပြီးဖိအားတွေ တအားပေးတာမျိုးဟာ ကျွန်တော်တို့အတွက် အဆင်မပြေဘူးပေါ့ဗျာ”လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်နေတဲ့ ယာဉ်မောင်းအများစုဟာ လုံခြုံရေးအခြေအနေအပါအဝင် ကုန်စည်ရှားပါးလာတဲ့အတွက် အရင်လိုမော်တော်ယာဉ်တွေကို ပုံမှန်မပြေးဆွဲနိုင်တော့သလို စက်သုံးဆီဈေးနှုန်းနဲ့ ဂိတ်ကြေးတွေကြောင့်လည်း ရငွေနဲ့ထွက်ငွေမကိုက်တဲ့အတွက် ပြေးဆွဲမှုရပ်နားတာတွေ ရှိလာပါတယ်။

လက်ရှိကုန်စည် ပို့ဆောင်နေတဲ့ မော်တော်ယာဉ်တွေနဲ့ ခရီးသွားယာဉ်တွေဟာ လုံခြုံမှုမရှိတော့တဲ့အတွက် မကြာခဏဆိုသလို မှားယွင်းပစ်ခတ်ခံရတာ၊ မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအဝင် ခရီးသည်တွေပါ သေဆုံးမှုတွေလည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။

အခုလို သေဆုံးမှုတွေ ရှိလာပေမယ့် နှစ်ဖက်အဖွဲ့အစည်းတွေကတော့ အပြန်အလှန်စွပ်စွဲပြောဆိုတာတွေသာရှိပြီး ဘယ်သူတွေလုပ်ဆောင်တယ်ဆိုတာ တိတိကျကျမသိရတာကြောင့် မြေစာပင်ဖြစ်နေရတယ်လို့ ယာဉ်မောင်းတွေက ပြောဆိုလာပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ တပ်လုံခြုံရေးအကြောင်းပြပြီး ပြီးခဲ့တဲ့လပိုင်းတွေက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့က အများပြည်သူသုံးလမ်းပိုင်းတွေကို ဘတ်ဟိုးနဲ့ထိုးပြီး ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.