မော်လမြိုင်၊ ဇွန်(၈)

မွန်ပြည်နယ်မှာ အခုနှစ်ဇန်နဝါရီကနေ မေလအထိ ၅ လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃၀ ကျော်အထိရှိလာပြီး အဲဒီထဲမှာ ကလေးငယ်တစ်ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ဇန်နဝါရီလကနေ ဧပြီလအတွင်း ဖြစ်ပွားသူမရှိသလောက် နည်းပါးခဲ့ရာကနေ မေလအတွင်း ကလေးငယ်ရာနဲ့ချီ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာပေါင်မြို့နယ် အလှပ်ကျေးရွာနေ ကလေးငယ်တစ်ဦးဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး အချိန်မီဆေးကုသခွင့် မရခဲ့တဲ့အတွက် အသက်သေဆုံးခဲ့ရတယ်လို့ စစ်ကောင်စီကျန်းမာရေးဘက်က ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ ကျိုက်မရောမြို့နယ်တို့မှာ အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျန်မြို့နယ်တွေမှာလည်း ရောဂါကူးစက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဆရာဝန်တွေကတော့ အခုကာလအတွင်း ကလေးသူငယ်တွေ ဖျားနာလာပါက အချိန်မီနီးစပ်ရာ ဆေး ရုံ၊ ဆေးခန်းတွေကို ပြသဖို့လိုအပ်ပြီး အချိန်မီကုသမှုမခံယူပါက ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေဖြစ်တဲ့ သွေးယိုစီးမှုတွေ၊ သွေးလန့်တဲ့လက္ခဏာတွေဖြစ်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနိုင်တဲ့ အေးဒီး(စ်) ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတာ ဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ မိမိတို့ နေအိမ်နဲ့အနီးတဝိုက်မှာ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ် ဆောင်ကြဖို့ တိုက်တွန်းတာပါ။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀ ကျော်အထိ ရှိခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.