ကော့ကရိတ်၊ ဇွန်(၈)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာတန်းရှည်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံကလေး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဇွန်လ(၇)ရက်နေ့ မနက်(၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ အခြေစိုက်စစ်ကောင်စီ လှိုင်ဝအမြောက် တပ်ကနေ ရွာတန်းရှည်ကျေးရွာအတွင်းသို့ လက်နက်ကြီး(၂)လုံး ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာတန်းရှည်ကျေးရွာနေ အ သက်(၄၃) နှစ်ရှိသူ ဒေါ်တပိနဲ့ သမီးဖြစ်သူ အသက်(၄)နှစ်အရွယ် နန်းရေဝတီတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူအသက်(၁၂)နှစ်အရွယ် စောကျော်သန်းအောင်မှာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲကို လက်နက်ကြီးနဲ့ ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ ထောက်လှမ်းမှုတွေ လုပ်ဆောင်တာတွေကို မကြာခဏလုပ် ဆောင်နေပြီး ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အဦးအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်(၆)ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စာသင် ကျောင်း(၁)ကျောင်းနဲ့ နေအိမ်(၄)လုံးအပါအဝင် ခြံစိုက်သီးပင်တချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို စက်ယန္တရားတွေနဲ့ ဖျက်ဆီးမှုတွေလုပ်ဆောင်ခဲ့သလို မြို့ပေါ်ကနေတစ်ဆင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အမြဲလိုလိုပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.