၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်ဖွင့်လှစ်နိုင်တဲ့ အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ၆ သန်းကျော်အထိ ရှိလာပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ်သန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။
ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင် အားစုတို့ကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယာပြည်နယ်က အများဆုံး ပါဝင်နေတာပါ။
ဒါကြောင့် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသအတွင်း ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာသင်ယူနိုင်ခွင့်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ အခြေအနေတွေနဲ့ ပတ် သက်ပြီး CDM ကျောင်းဆရာမ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်ကိုင်းတိုင်းဒေသအတွင်း ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာသင်ယူနိုင်ခွင့် အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ကျွန်မတို့ကျောင်းက အခြေခံကျောင်းသားတွေရဲ့ ပညာရေးက အားကောင်းတယ်ပေါ့။
အားကောင်းတယ် ဆိုတာ စကစကျောင်းတွေ မဖွင့်နိုင်ဘူး။ ဒီဘက် စစ်ကိုင်းတိုင်းဝန်းကျင်မှာကျတော့ မြို့ပေါ်မှာ အထက၁၊ ၂၊ ၃ ရှိတယ်ဆိုရင် ၁၊၂၊၃ သူတို့မဖွင့်နိုင်ဘူး။ NUG ရဲ့ကြားကာလကို ထောက်ခံပါတယ်ဆိုတာထက် ကျွန်မတို့ ပညာရေးရဲ့ ကလေးတွေရဲ့ ပညာသင်ယူခွင့် မဆုံးရှုံးအောင် ရည်ရွယ်ချက်နဲ့ ကျွန်မတို့ တက်ညီလက်ညီ ဖော် ဆောင်ခဲ့တာ။ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ NUGရဲ့ လမ်းညွှန်မှုတွေနဲ့ ဖော်ဆောင်တဲ့အခါ ဒီ ခုနှစ်မှာဆိုရင် ကလေးတွေရဲ့ အသက်နဲ့အတန်းတွေ ကိုက်ညီသွားပြီပေါ့။ ကိုဗစ်ကြောင့်လည်း တစ်နှစ်လောက် နောက်ကျတယ်ပေါ့။ အာဏာသိမ်းစမှာလည်း ကျွန်မတို့က တော်လှန်ရေးလသားအရွယ်ပေါ့။ ပညာရေးမစနိုင် ခဲ့ဘူး။ နှစ်နှစ်လောက် နောက်ကျသွားတဲ့ ကလေးတွေရဲ့ ပညာရေးကို ကျွန်မလက်လှမ်းမီသလောက် ပတ်ဝန်း ကျင်တွေမှာဆိုရင် သူတို့ရဲ့ ပညာသင်ယူခွင့် နှစ်နှစ်ကြီး ဆုံးရှုံးထားတဲ့အတွက် ကျောင်းပညာရေး အလှမ်းဝေး သွားမှာစိုးတဲ့အတွက် တက်ညီလက်ညီ ဖော်ဆောင်ခဲ့တဲ့အတွက် အခုဆိုရင် ဒီနှစ်ဆိုရင် ကလေးရဲ့ အသက်နဲ့ အတန်း ကိုက်ညီတဲ့အတွက် ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ခဲ့တယ်။ ကလေးအများစုက ကြားကာလNUG ရဲ့ ကျောင်းမှာ တက်ရောက်နေကြတယ်။ တစ်ချို့က လက်နက်ကိုင်ထဲမှာ ပါဝင်နေသေးတယ်။
ပညာသင်ခွင့် ဆုံးရှုံးနေတဲ့ CDMကျောင်းသားတွေနဲ့တော်လှန်ရေးသမားတွေအတွက် ရှေ့ဆက်ပညာသင်ယူခွင့် အစီအစဉ်များဆောင်ရွက်ခြင်းဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲကို ကျွန်မတို့ အောင်မြင်စွာနဲ့ ဆွေးနွေးခဲ့တယ်။ အခွင့် အလမ်းတွေကို ဘယ်လိုတွေ ဖော်ဆောင်ပေးမလဲဆိုတဲ့ စီမံချက်တွေ ရှိနေပြီပေါ့။ ကျွန်မတို့ဒေသ စစ်ကိုင်း တိုင်း၊ မေကွေးတိုင်း ဒီလိုမျိုးနယ်တွေအနေနဲ့ဆိုရင် အခြေခံပညာကျောင်းသားတွေရဲ့ ပညာသင်ယူခွင့်ဟာ ၉၉ ရာခိုင်နှုန်းလောက်ကို အဆင်ပြေနေပြီပေါ့။ စကစရဲ့ကျောင်းတွေမဟုတ်ဘဲ ကြားကာလ ပညာရေးကိုယ်ထူ ကိုယ်ထ ပြည်သူ့အခြေပြု ကျောင်းတွေမှာပဲ CDMဆရာ၊ ဆရာမတွေ ဦးဆောင်ပြီးတော့ ဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် သူတို့အသက်အရွယ်မှာ သူတို့ရောက်ရမယ့် အတန်းကို ရောက်နေပြီ။ အသီးအပွင့်တွေ ခံစား နေရပြီပေါ့။
– အခက်အခဲတွေကကြား ပညာသင်ကြားပေးနေတယ်ဆိုတော့ အခုဆိုရင် ဘယ်အတန်းတွေအထိ ဖွင့်လှစ် သင်ကြားနိုင်ပြီးလဲ။
မူလတန်း၊ အလယ်တန်းအထက်တန်း အခုဆိုရင် GRADE 12 ကိုရောက်ပြီ။ ပြောင်းလဲလာတဲ့ စနစ်သစ်တွေနဲ့ အညီ သူတို့ရောက်ရမယ့် အတန်းတွေကို တဆင့်ပြီးတဆင့် အတန်းကူးပြောင်းတဲ့အထိ ဖွင့်လာခဲ့တာ မနှစ်က ဆို G-11 ဂိတ်ဆုံးပြီရင် ၁၀တန်းစနှစ်ဟောင်းရှိတယ်။ ၁၀တန်းစနှစ်ဟောင်းကလည်း အန်ယူဂျီ ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပပေးသွားပြီ။ ဒါအခြေခံပညာပြီးမြောက်ကြောင်းလို ဖြစ်နေပြီ ။ စနစ်သစ်နဲ့တက်လာတဲ့ ကလေးတွေရဲ့ နောက်ဆုံးအတန်းက G-12 ရောက်တဲ့ကလေးကိုလည်း စပြီးတော့ ကျွန်မတို့ သင်ပေးနေပြီပေါ့။ K-G ကနေ G-12 အထိပါ။
-ကျောင်းသူ၊ကျောင်းသားတွေရဲ့ ပညာသင်ကြားပေးရာမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရလဲ။
နယ်မြေတွေကတော့ စိုးမိုးမှုအတန်အသင့်ရှိတယ် စစ်ကြောင်းမထိုးရင်ပေါ့။ စစ်ကြောင်းထိုးရင်တော့ ကျွန်မတို့ ကျောင်းတွေပိတ်ပြီး ရှောင်ထားတာပေါ့။ စိုးမိုးမှုရှိတယ်ဆိုတော့ စာသင်ကျောင်းတွေဆိုလည်း ဘယ်သူပိုင်တဲ့ အရာမှမဟုတ်ဘူး ပြည်သူပိုင်တဲ့အရာ ပြည်သူ့ကျောင်းတွေပါ။ ကျွန်မတို့ ပြည်သူ့ကျောင်းတွေ ဖွင့်လှစ်တဲ့အခါ ဘာတွေလုပ်လာလဲဆိုတော့ လူမဆန်တဲ့ စကစက ဘာလုပ်လာလဲဆိုတော့ သူတို့ကို ဘာတုံပြန်မှုမှ မရှိတဲ့ ပညာသင်ယူနေတဲ့ကလေးလေးတွေ ပြေးလိုက်လွှားလိုက် ရှိနေတဲ့ကလေးလေးတွေရဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတာ ရှိလာတယ်။ မီးရှို့တယ်။ တစ်ချို့ စာသင်ကျောင်းတွေ ပျက်စီးကုန်တယ်။ စစ်ကြောင်းထိုးလာရင် စာသင်ကျောင်းပါမချန် မီးရှို့တာဆိုတော့ တချို့ရပ်ရွာတွေမှာ အဆောက်အဦးတွေ ပျက်စီးလာတယ်။
ကလေးတွေအတွက် ပညာသင်ယူစရာ နေရာမရှိတော့ဘူး။ ကျွန်မတို့က စိတ်ပျက်အားလျော့ခြင်း မရှိဘဲနဲ့ ကျောင်းသည် နေရာရှိမှဖြစ်တည်တာ မဟုတ်ဘူး။ သစ်ပင်အောက်မှာလည်း စာသင်ကျောင်း ဖြစ်နိုင်တာပဲ။ ဇရပ်ထဲမှာလည်း စာသင်ကျောင်း ဖြစ်နိုင်တာပဲ။ နေရာတွေကို ဖန်တီးပြီးတော့ သင်တယ်။ နေရာအခက်အခဲ၊ စာသင်ခုံ အခက်အခဲတွေတော့ ရှိတော့ရှိတယ်။ အလျဉ်းသင့်သလို ကျွန်မတို့ဖြေရှင်းလို့ ရတယ်ပေါ့။ ကျွန်မတို့ နယ်ဘက်မှာ ပုံနှိပ်စက်တွေ မရှိတဲ့အခါကျတော့ ပုံနှိပ်ဈေးတွေ ကြီးမြင့်လာတာရော သယ်ယူဖို့အခါကျတော့ လမ်းမှာ သိမ်းဆည်းတာ စစ်ဆေးတယ်။ စာအုပ်တွေကို ဖျက်ဆီးမီးရှို့တယ်။ သိမ်းယူလိုက်တယ်။ ကျွန်မတို့ ဒီပညာရေးနဲ့ ပက်သက်ပြီး အခက်အခဲဆုံးကတော့ ပုံနှိပ်ရရှိဖို့က အခက်အခဲဖြစ်နေပါတယ်။
-နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
ကျွန်မတို့ မြို့ပေါ်ကျောင်းတွေပေါ့။ ကျွန်မတို့ သတင်းကြားထားတာ ကနီမြို့ပေါ်မှာဆိုရင် ကျောင်းမအပ်မနေရ စကစ ကျောင်းတွေက မအပ်မနေရဆိုပြီး အမိန့်ပေးစေခိုင်းလာတာမျိုးတွေ ကြားနေရတယ်ပေါ့။ သူတို့က ဓမ္မနဲ့ အဓမ္မကို ခွဲခြားမသိတဲ့ NON CDMတွေက ဘာတွေများ သင်ပေးဖို့ ဒီလိုမျိုးအမိန့်ပေးနေရတာလဲ။ သူတို့ ကျောင်းကို မတက်ချင်လို့ မတက်တာပေါ့။ ဒီလိုဖိနှိပ်ပြီး စေခိုင်းလို့ရရိုးလား။ မိဘပြည်သူတွေအနေနဲ့လည်း ဒီလိုမျိုးအခြေအနေတွေကို သူတို့နဲ့နီးစပ်တဲ့ မိဘပြည်သူတွေအနေနဲ့လည်း ဒီပြဿနာကို ရင်ဆိုင်နေရမှာပဲ။ ရင်ဆိုင်တဲ့အခါမှာ သူတို့ကျောင်းကို မထားချင်သူတွေ NUGရဲ့ကျောင်းမှာ ထားချင်သူတွေအနေနဲ့ ကျွန်မတို့ အတူတကွ ပူးပေါင်းပြီး ပြဿနာကို အဖြေရှာဖို့ရာအတွက် ချိတ်ဆက်ကြပါ။ ကိုယ်နဲ့ရင်ဘတ်တူချင်း ချိတ် ဆက်ပြီး အဖြေရှာကြပါ။ သတင်းအဆက်ပြတ် မနေကြပါနဲ့။ အဲဒါလေး မိဘပြည်သူတွေကို သတင်းပါးချင် ပါတယ်။