သရက်ချောင်း၊ ဇွန်(၇)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနဲ့ ကျောက်လှေကားကျေးရွာတွေထဲကို စစ်ကောင် စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ပြည်သူလူထု ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းဟာ ဇွန် ၆ ရက်နေ့ မနက်ပိုင်းကစပြီး ဥတ္တူရွာနဲ့ ကျောက်လှေကားကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဥတ္တူကျေးရွာကို မီးရှို့ထားပြီး ကနဦးမှာ နေအိမ် ၂ လုံး မီးလောင်ပျက်စီးထားသလို ကျောက်လှေကားကျေးရွာမှာတော့ လက်နက် ကြီးကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေ ရှိနေတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဥတ္တူရွာနဲ့ ကျောက်လှေကားကျေးရွာ ဒေသ ခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာတွေအတွင်း ဆက်လက် တပ်စွဲထားပြီး အနီးပတ် ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးထားတဲ့အတွက် လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိသေးပေမယ့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့တုန်းကလည်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာ ၇ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရပြီး အများစုဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.