ရေး၊ ဇွန်(၇)
မွန်ပြည်နယ်ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနဲ့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၆ ရက်နေ့ မနက် ၁၁ နာရီအချိန်က သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဒေသခံ ၂ ဦးဟာ ဆိုင်ကယ်စီးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကလိကျွန်းကျေးရွာနေ ဦးခိုင်ထွန်းဟာ ဝမ်းဗိုက်တွေမှာ မိုင်းစထိမှန် ဒဏ်ရာရရှိ ခဲ့တဲ့အတွက် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဇွန် ၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲကျေးရွာ ကြိုးတံ တားချောင်းအနီးမှာ ဒေသခံခြံသမားတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မော့ကနင်းကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မင်းချမ်းမွန်ဟာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ညာခြေချင်းဝတ် ပြတ်တောက်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မေလအတွင်း မိုင်းဆွဲပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် ခရီးသွားပြည်သူတွေနဲ့ ဒေသခံ ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရွှေဟင်္သာ ပရဟိတလူမှုကူညီရေးအသင်း