ကျောက်ကြီး၊ ဇွန်(၇)
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တပ်စခန်းတွေကို KNLA တပ်မဟာ(၃) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၆ ရက်နေ့ မနက်အစောပိုင်းမှာ တပြိုင် နက်ထဲ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
နတ်သံကွင်းမြို့ရှိ စစ်ကောင်စီရဲ့ ဘုံသတောတပ်စခန်းနဲ့ နတ်သံကွင်းရဲစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တပြိုင်နက်ထဲ ဝင်ရောက်တိုက် ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီနေ့ မနက် ၅ နာရီကနေ ၇ နာရီအထိ ၂ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း တိုက်ခိုက်စီးနင်းခံခဲ့ရတဲ့ ဘုံသတောတပ်စခန်းနဲ့ နတ်သံကွင်းရဲစခန်းနေရာတွေကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် မြေပြင်ကနေတစ်ဆင့် စစ်ကောင်စီတပ်စစ်ကူတွေ ရောက်မလာစေဖို့ဆိုပြီး ကျောက်ကြီးမြို့နဲ့ နတ် သံကွင်းမြို့ကို ဆက်သွယ်ထားတဲ့ စစ်တောင်းတံတားကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲလိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမရဲ့ ထုတ်ပြန်ထားချက်အရ နတ်သံကွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၀ ဦးနီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရခဲ့သလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်စဉ်အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU က လတ်တလောမှာ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNLA/PDF Kyaukkyi