မော်လမြိုင် – ဇွန်(၇)

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မအူပင်မြို့နယ်က ရွှေဘုန်းမြင့်ဘုရားစိန်ဖူးတော်ပြတ်ကျခဲ့ပြီး ဘုရားဘေး မိုးကုပ်ရိပ်သာက မျက်နှာစာပြိုကျမှု ဖြစ်ပွား ခဲ့တဲ့အတွက် သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်တုန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၅) မိုင်အကွာမှာ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိတဲ့ အင်းအားအနည်းငယ် ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီ လက်အောက်ခံမိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

“လက်တလောတော့ ရွှေဘုန်းမြင့်ဘုရား စိန်ဖူးတော်ပြတ်ကျတယ်။ မိုးကုပ်ရိပ်သာ မျက်နှာစာပြိုကျ လို့ သီလရှင်ဆရာလေးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေတယ်။ မအူပင်တက္ကသိုလ်က မျက်နှာစာ အောက်မှာ ပေါက်ထွက်သွားတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဇွန်လ(၇) ရက်နေ့ ညနေပိုင်းမှာ ညောင်တုန်းမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧရာဝတီတိုင်းက မြို့နယ်တွေအပါအဝင် ရန်ကုန်တိုင်းအထိ လှုပ်ခတ်မှုအရှိန် ခံစားခဲ့ကြရတာပါ။

ရန်ကုန်က မြို့နယ်အနှံ့အပြားမှာ မြေငလျင်လှုပ်ခတ်မှုကို ညနေ (၄)နာရီကျော်မှာ တစ်ကြိမ်နဲ့ (၅) နာရီကျော်မှာ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်ဆက်တိုက်ခံစားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မအူပင်မြို့နယ်တစ်ခုတည်းမှာသာ သိရသေး ပြီး တခြားမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေ တွေကိုတော့ မသိရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.