ကိုးကန့်၊ ဇွန်(၇)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသနဲ့ လားရှိုးတို့မှာ စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်တပ်(MNDAA)တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကိုးကန့်မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကိုးကန့်လှုပ်ရှားဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားခဲ့တာပါ။

၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိသလို စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ ကိုးကန့်ဘက်က နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်အကောင်းယူပြီး စခန်းတိုးချဲ့တည်ဆောက်လို့ တိုက်ပွဲဖြစ်တာလို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကိုးကန့်တပ်(MNDAA) ပြောရေးဆိုခွင့်ရှိသူထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

ကိုးကန့်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နဲ့ ၂ ရက်တို့မှာ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုအရ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှာပါဝင်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာပါ။

တရုတ်ကြားဝင် ညှိနှိုင်းပေးမှုအရတွေ့ဆုံတဲ့ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ဆွေ းနွေးပွဲဟာ နှစ်ဖက်မပြေလည်မှုတွေကြောင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ မုံးကိုး၊ ကွမ်းလုံ၊ ကွတ်ခိုင်နဲ့ လားရှိုးစတဲ့ ဒေသတွေကို အခြေစိုက်လှုပ်ရှားတဲ့ ကိုးကန့်တပ်ဟာ အင်အားသောင်းနဲ့ချီရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ကိုးကန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.