ဆားလင်းကြီး – ဇွန်(၄)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို အင်အား(၁၀၀) ပါ စစ်ကောင်စီ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီနေ့ ဇွန်လ(၄) ရက်နေ့ မနက်ပိုင်းမှာ မုံရွာကကူးလာတဲ့ စစ်ကြောင်းဟာ ညောင်ပင်ကြီးဘက်ကို ရောက်ရှိလာတာပါ။
စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ညောင်ပင်ကြီးအုပ်စုမှာ ရှိတဲ့ ကျေးရွာ (၆) ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ(၃) ရက်နေ့က ညောင်ပင်ကြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆားလင်းကြီး ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ဂျီ ဆိုသူကို ပြန်လည်ခေါ်ဆောင်လာပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုချိန်မှာတော့ စစ်ကြောင်းဟာ ညောင်ပင်ကြီး နေရာ(၂) နေရာမှာ ယာယီအထိုင်ချထားပြီး ဘယ်ကို ဆက်လက် ဦးတည်မယ်ဆိုတာတော့ မသိရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ပြည်သူ (၁၆၀၀) နီးပါးသတ်ဖြတ်ခံထားရတယ် လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အောင်ခန့်ဇော်