၁။ အရင်ဆုံး ကြာအင်းဆိပ်ကြီးမြို့တွင်း တိုက်ပွဲအခြေအနေလေး ပြောပြပေးပါဦး။


– ခလရရဲစခန်း၊ ၂၈၄နဲ့ ကြာအင်းဆိမ့်ကြီးရဲစခန်း ပြီးရင်ထွေအုပ်ရုံးနဲ့ နောက်တရားသူကြီးရုံးပေါ့။ ကျွန်တော်တို့ ပစ်မှတ်ထားဝင်ပြီး တိုက်ခိုက်ခဲ့တာပေါ့။ Drone အဖွဲ့နဲ့ ပူးပေါင်းပြီးလုပ်တယ်။ စစ်ဆင်ရေးမစ်ရှင်ပေါ့။ ၄နာရီမှာ ကျွန်တော်တို့ Drone မစ်ရှင်ကို စတယ်။ အလင်းရောင်ရတဲ့အချိန် ပစ်မှတ်ကို သေချာမြင်ရတဲ့အချိန်မှာ ကျွန်တော်တို့ တပြိုင်နက် ထိုးစစ်ဆင်ပြီး တိုက်ခိုက်တယ်။ တဖက်မှာ ရဲစခန်းကိုတစ်ဖွဲ့က တိုက်ခိုက်ပြီးတော့ တစ်ဖွဲ့ကရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကို ဝင်ရောက်တိုက်ခိုက်တာပေါ့။ တပြိုင်နက်တည်း တိုက်ခိုက်တာပေါ့။ စစ်မျက်နှာပြင်နှစ်ခု တိုက်ခိုက်ခဲ့တာပါ။ အဲဒီမှာ ရဲစခန်းကိုဝင်ပြီးတော့ သိမ်းပိုက်လိုက်တဲ့အထိ မရလိုက်ဘူး အချိန်အကန့်သတ်ကြောင့်မရလိုက်ဘူး။ ရဲစခန်းမှာ လုံခြုံရေးယူထားတဲ့ ရဲတွေကို အလစ်ငိုက်ဝင်တိုက်နိုင်ခဲ့တယ်။ ၁၀ဦးကျဆုံးတယ်ဆိုတာ ကျွန်တော်တို့ မျက်မြင်ပေါ့။ အဲဒီထဲမှာ အရာရှိတွေပါလား မပါလားဆိုတာ သေချာမသိဘူး။ ရဲကပဲ အနည်းဆုံး ၅ဦး ၆ဦးရှိမယ်။ ရုံးတွေဘက်မှာရှိတဲ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်သားတွေ အနည်းဆုံး ၅ယောက်၊၆ယောက်အနည်းဆုံးပဲ။ စနိုက်ပါနဲ့က ၂ယောက် အတိကျရမယ်။ ကျန်တာက အနည်းဆုံး သုံးလေးယောက်ပေါ့။ သေချာတာကတော့ ခန့်မှန်းပြီးလည်း ပြောလို့ရတယ်။ ရဲ ၅ယောက်နဲ့ စစ်ကောင်စီတပ်သား ၅ယောက်၊ ၆ယောက် ဒါကမျက်မြင်ကျဆုံးခဲ့တဲ့ အရေအတွက်ပေါ့။ ထိခိုက်ဒဏ်ရာရတာ ထုတ်ပြန်ထားတယ်။ ၁၄ယောက်၊ ၁၅ယောက်လောက်ရှိမယ်။ အော်သံတွေဘာတွေနဲ့ပေါ့။ နောက်ပြီး ကျွန်တော်တို့ တိုက်ခိုက်တဲ့ ပုံစံကလည်း ရဲစခန်းကို အဓိကပေါ့။ ရဲစခန်းနဲ့ တရားသူကြီးရုံးတွေဆိုရင် လုံးဝကြေမွ ပျက်စီးသွားတယ်။ နောက်ပြီး ဆက်သွယ်ရေးရုံးကို မီးရှို့လိုက်တယ်။ အဲဒီမှာလည်း သူတို့တပ်ဖွဲ့ဝင်တွေ ရှိတယ်ပေါ့။ ထိခိုက်ဒဏ်ရာရသူ ပိုများမယ်။ အတိအကျကို မသိနိုင်သေးတာ။ သေချာတာက ၁၀ယောက်ကျော် သေလိမ့်မယ်။ ထိခိုက်ဒဏ်ရာရတာက အနည်းဆုံး(၁၅)ယောက် ရှိလိမ့်မယ်။


၂။ ကြာအင်းဆိပ်ကြီးမြို့ထဲကို အခုနှစ်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာ (၂)ကြိမ်ရှိပြီပေါ့နော်။ ဘာကြောင့် တိုက်ခိုက်ဖြစ်တာလဲ။


– ကြာအင်းဆိပ်ကြီးမြို့နယ်ကို နှစ်ခါရှိပြီး။ ဘာကြောင့်တိုက်ခိုက်ခဲ့လဲဆိုရင် ကြာအင်းဆိပ်ကြီးနယ်မြေက တကယ်တော့ သူတို့စိုးမိုးနယ်မြေ မဟုတ်တော့ဘူး။ ကြာအင်းဆိပ်ကြီးမြို့က မြို့ပေါ်ကွက်ကွက်လေးမှာပဲ သူတို့ရဲ့ တပ်ရင်းတွေထားတဲ့ နေရာမှာပဲ သူတို့တွေ ရှိတော့တယ်။ တခါတလေကျရင် သူတို့က မထင်မှတ်ပဲနဲ့ ကင်းပုန်းချတာ ၊ မြို့လယ်ခေါင်မှာ သူတို့ဂိတ်ပေါ့ အဲဒီမှာ အစစ်အဆေး အရမ်းများတယ်။ အဲဒီလိုနေရာမှာ စစ်ဆေးတဲ့အခါ မထင်ရင် မထင်သလို ပစ္စည်းတွေ ယူတယ်။ ပိုက်ဆံတွေ သူတို့ယူတယ်။ အဲဒီလိုတွေ ခဏခဏလုပ်တယ်ဆိုတော့ လူတွေလည်း အများကြီး ထိခိုက်တယ် နစ်နာတယ်ပေါ့။ အဆိုးဆုံးက မသင်္ကာရင် ဖမ်းဆီးပြီး သတ်ဖြတ်တာ။ ဒီဘက်နယ်မြေခံ အထူးသဖြင့် ကြာအင်းဆိပ်ကြီးမြို့ကို ဖြတ်သွားဖြတ်လာ နယ်မြေခံတွေ အများဆုံးခံရတယ်။ စစ်ကောင်စီက ဒီဂိတ်မှာဖမ်းသွားတယ်။ ကင်းပုန်းတွေ ချထားပြီးစစ်တယ်။နောက်ပြီး လူက လုံးဝအစ ပျောက်သွားတာ။  တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လက်နက်ကြီးက နေ့တိုင်းနီးပါး ပစ်တယ်။ နောက်ပြီး မြို့ပတ်ချာလည် ကျေးရွာတွေရော ပစ်တယ်။ လက်နက်ကြီးပစ်ခတ်မှုက တောက်လျှောက်ပဲပေါ့။ ဆို‌တော့ အကြမ်းဖက်မှုတွေကို သူတို့လုပ်တာ တော်တော်များနေပြီ။ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ပေါ်ကွက်ကွက်လေးမှာ ရှိတဲ့ စစ်ကောင်စီရှိတဲ့နေရာတွေကို ချေမှုန်းဖို့ အစီစဉ်ရှိတယ်။အဲဒါမို့လုပ်ရတာပါ။ မြို့ပေါ်တိုက်ပွဲဆိုတော့ ကျေးလက်စစ်ဆင်ရေးလောက်တော့ လွယ်ကူတဲ့ အရာမဟုတ်ဘူး။ သေချာတာက သူတို့စခန်းထဲမှာပဲ နေထိုင်တယ်။အပြင်သွားလာနိုင်တဲ့ အနေအထား မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ လုံးပါးပါးနေပြီ။ ဒီမှာသူတို့ရဲ့ စိုးမိုးနယ်မြေ မရှိသလို သူတို့ရဲ့ တပ်ရင်းတွေလည်း လုံးဝပျောက်သွားမယ်။ ကျွန်တော်တို့ အဲ့လောက်အထိ မျှော်မှန်းထားတယ်။


၃။ လက်ရှိ ကြာအင်းဆိပ်ကြီးမြို့အခြေအနေ ဘယ်လိုကြားသိရတာရှိလဲ။


– ကြာအင်းဆိပ်ကြီး အခြေအနေက မြို့ပေါ်ကွက်ကွက်လေးမှာပဲ သူတို့စခန်းတွေမှာပဲ သူတို့အထိုင်ချပြီး အဲဒီ ဂိတ်တွေမှာ တခါတလေ ကင်းပုန်းချပြီးတော့ ဖမ်းဆီးတာတွေလုပ်တယ်။ လက်ရှိကတော့ သူတို့ရဲ့ လှုပ်ရှားမှုက အဲဒါပဲ။ ကျန်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က အကျယ်ကြီးပါပဲ။ ကြာအင်းဆိပ်ကြီးမြို့နယ် တခွင်လုံး သူတို့အုပ်ချုပ်နယ်မြေ မရှိဘူး။ သူတို့စစ်ကြောင်းတောင်မှ လုံးဝထိုးနိုင်တဲ့ အနေအထားမရှိတော့ဘူး။ ခဏခဏ ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်တယ်။ သူတို့ခံရတယ်ပေါ့။ ဒေသခံတွေကတော့ ပုံမှန်ရောင်းဝယ်ဖောက်ကား သွားလာမှုလုပ်နိုင်တယ်။ အဓိကကတော့ မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းမတွေ အသုံးပြုပေါ့။ အဲဒီလမ်းမက ဒေသဖွံ့ဖြိုးရေးလမ်းဖြစ်တော့ လမ်းမှာ ပုံမှန်သွားလာမှု လုပ်နိင်တယ်ပေါ့။ ကြာအင်းဆိပ်ကြီးရဲ့ မြို့ပေါ်က ဂိတ်တွေမှာပဲ အန္တရာယ်ရှိတာပေါ့။

၄။ တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားတိုက်ခိုက်ပြီး အရပ်သားတွေသေဆုံးတယ်ပေါ့နော်။ အဲ့ဒီအပေါ် ဘာများပြောချင်ပါလဲ။


– စစ်ကောင်စီက မနေ့ကဆို သူတို့အဓိက ပစ်မှတ်ထား တိုက်ခိုက်တာ ဗလီ‌တွေနဲ့ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်ကျောင်းရှိတယ်။ သူတို့ အဲဒီနေရာတွေကို အဓိကထား တိုက်ခိုက်တယ်။ ၁၂၀-မမတွေနဲ့ ထုတယ်။လေယာဉ်တွေနဲ့ ဗုံးပါကြဲတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မရှိတဲ့ ရပ်ကွက်တွေနဲ့ အဆောက်အဦးတွေ ဖြစ်တယ်။ သူတို့ပစ်မှတ်ထား တိုက်ခိုက်တယ်။ ကျွန်တော်ထင်တယ် ဒါဟာသက်သက်ကို နယ်မြေခံတွေ ကြောက်လန့်မှုရှိအောင် သူတို့ အငြိုးကြီးကြီးနဲ့ လုပ်တဲ့ပုံစံ ဖြစ်နေတာပေါ့။ သေဆုံးသွားတဲ့ နယ်မြေခံတွေ ဘုန်းကြီးတစ်ပါးနဲ့ လူနှစ်ယောက်ရှိတယ်။ အဲဒီအတွက် MODရဲ့ ပြည်သူလူထု လုံခြုံရေးဌာနနဲ့ ကျွန်တော်တို့ တိုင်ပင်ပြီးတော့ အစီအစဉ်ဆွဲထားတာ ရှိတယ်။ ကျွန်တော်တို့ ဘယ်လိုအကူအညီပေးရမလဲဆိုတာ စီစဉ်နေပါတယ်။


၅။ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာတွေများ ပြောပြချင်တာ ရှိမလဲ။


– ပြည်သူတွေကို အဓိကထား ပြောချင်တာက ဒီလမ်းမတစ်လျှောက်မှာ ပြည်သူတွေက ဒီလမ်းကိုပဲ အမှီပြုပြီး အသွားအလာ နေကြရတာ။ အသွားအလာ နည်းနိုင်သမျှနည်းအောင် သွားဖို့နဲ့ မဖြစ်မနေ သွားလာတဲ့အခါမှာလည်း ဒီဂိတ်တွေမှာ သတိထားသွားလာဖို့ အဓိကက စစ်ကောင်စီဂိတ်ကို လုံးဝသတိထားသွားလာဖို့ပါ။ ကျွန်တော်တို့အနေနဲ့ စစ်ဆင်ရေးလုပ်တဲ့အခါ ထိခိုက်မှုအနည်းဆုံးနဲ့ အချိန်အားဖြင့် ကပ်လုပ်တယ်။ စစ်ဆင်ရေးပုံစံ နေရာယူတာကအစ ပြည်သူတွေအတတ်နိုင်ဆုံး ထိခိုက်မှုလျော့အောင် ဆောင်ရွက်သွားမယ်။ ပြည်သူတွေအနေနဲ့ သတိဝိရိယနဲ့သွားဖို့ အဲဒါကိုပဲ အဓိက ပြောချင်ပါတယ်။ ကြားထဲမှာ လက်နက်ကြီး ထိမှန်သေဆုံးသွားတဲ့ ပြည်သူတွေအရေအတွက်ကတော့ စာရင်းကောက်ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်ကနေ လူမှုကူညီရေးကဏ္ဍကနေ လူထုလုံခြုံရေးဌာနနဲ့ ပူးပေါင်းပြီးတော့ တတ်နိုင်တဲ့ကဏ္ဍကနေ ကူညီပေးသွားမယ်။ အဲ့ဒါကတော့ အဓိက ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.