ဖာပွန်၊ ဇွန်(၄)
စစ်ရေးတင်းမာနေတဲ့ KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၅)တို့အကြား တစ်လတာအတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀၀ အထိ ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅)က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်လအတွင်း KUN ဖာပွန်ခရိုင်ထဲ ဖြစ်ပွားခဲ့တဲ့ တိုက် ပွဲတွေအတွင်း စစ်ကောင်စီ BGF ဘက်က တပ်ခွဲမှူး ၁ ဦး၊ ဒုခွဲမှူး ၂ ဦး၊ တပ်ကြပ်ကြီး ၃ ဦး၊ တပ်ကြပ် ၁ ဦး အပါအ ဝင် ၁၂၂ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ရိက္ခာ ထောက်ပံ့ပို့ဆောင်ရေးယာဉ် ၆ စီးကို ဖျက်ဆီးနိုင်ခဲ့သလို မြင်းလား ၆ ကောင်ကိုလည်း သတ်ဖြတ်သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မေလ တစ်လတာတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅)ဘက်က စစ်သည်တော် ၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်က ပြည်သူလူထုနေထိုင်ရာအရပ်နဲ့ အ သက်မွေးဝမ်းကျောင်းပြုရာနေရာတွေထဲကို လက်နက်ကြီးအမြောက်ကျည်အလုံးပေါင်း ၆၀ နီးပါး တမင်ရည်ရွယ်ပစ်ခတ်ရာမှာ အရပ်သား ၁ ဦး သေဆုံးသွားခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသလို အိမ် ၂ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။
မေလအတွင်းမှာတော့ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုပိုင်ဆိုင်တဲ့ ပိုက်ဆံ၊ ဖုန်းစတာတွေကို အဓမ္မခိုးယူလုယက်ခဲ့တယ်လို့လည်း တပ်မဟာ(၅)ရဲ့ လချုပ်စာရင်းအရ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNLA