ရန်ကုန်၊ ဇွန်(၄)ပြည်ပကနေ မြန်မာနိုင်ငံကိုတင်သွင်းမယ့် သွင်းကုန်တွေအတွက် ဘဏ်ငွေလွှဲပြောင်းစနစ်နဲ့သာ ငွေပေးချေဖို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြီးကြပ်ကော်မတီက ညွှန်ကြားလာတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
သွင်းကုန်သမားတွေအနေနဲ့ ပင်လယ်ရေကြောင်းကဖြစ်စေ၊ နယ်စပ်ကဖြစ်စေ ပြည်ပကနေတင်သွင်းမယ့် ကုန်ပစ္စည်းတွေအတွက် လိုင်စင်ရရှိပြီး ငွေပေးချေရာမှာ ပြည်တွင်းဘဏ်ကဖြစ်စေ၊ ပို့ကုန်ရငွေကဖြစ်စေ ဝယ်ယူကာ ဘဏ်ငွေလွှဲပြောင်းခြင်းစနစ်နဲ့သာ ပေးချေခွင့်ပြုဖို့ ညွှန်ကြားလာတာပါ။
ဘဏ်ငွေလွှဲပြောင်းတဲ့စနစ်နဲ့ ငွေပေးချေဖို့ ညွှန်ကြားတာကြောင့် နယ်စပ်ပို့ကုန်သမားတွေအနေနဲ့ ဒေါ်လာဝယ်ယူဖို့ အခက်အခဲရှိနိုင်ပြီး သွင်းကုန်ပို့ကုန်တွေအတွက် မဖြစ်မနေလိုင်စင်လျှောက် ဆောင်ရွက်ရမယ့် အခြေအနေဖြစ်တယ်လို့ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေမှာကျတော့ ကြိုပြီးတော့ ဝယ်ရတာရှိတယ်။ လိုင်စင်အရင်လျှောက်ရတာပေါ့လေ။ လိုင်စင်မရဘဲနဲ့ ဘာပစ္စည်းမှသွင်းမရဘူး။ လိုင်စင်လျှောက်တဲ့အပေါ်မှာပဲ နည်းနည်းလိုင်စင်ကသာ အဓိကဖြစ်သွားတာပေါ့။ သွင်းကုန်လိုင်စင်ရဖို့ အဓိကဖြစ်နေတယ်။ Import လုပ်မယ်ဆိုရင် သွင်းကုန်လိုင်စင် အရင်လျှောက်ဆိုတော့ နယ်စပ်အတွက်ဆို ငွေဝယ်ရမယ်။ ပင်လယ်ရေ ကြောင်းအတွက်ဆို လိုင်စင်လျှောက်ပြီး ငွေလွှဲရတာဆိုတော့ အဲဒီနှစ်ပိုင်းတော့ ကွာသွားတယ်”လို့ သူက ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာတော့ သက်ဆိုင်ရာဒေသအလိုက် တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့နဲ့ တိုက် ရိုက်ပေးချေမှုတွေပြုလုပ်နေပြီး အိန္ဒိယ- မြန်မာ နယ်စပ်တစ်လျှောက် ကုန်သွယ်မှုမှာတော့ ရူပီးနဲ့ကျပ် တိုက်ရိုက်ပေးချေနိုင်ဖို့ ဆောင်ရွက်နေတာလည်း ရှိနေတာပါ။
စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ နှစ်လတာ နီးပါးအတွင်း သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉ ဘီလီယံရရှိထားပြီး လက်ရှိမှာတော့ ပြည်ပကနေ ရင်းနှီးမြုပ်နှံမှုတွေ၊လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေအပါအဝင် လူသုံးကုန် ပစ္စည်းတွေနဲ့ CMP ပစ္စည်းတွေ တင်သွင်းနေတယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေနဲ့ရရှိတဲ့ ပို့ကုန်ဝင်ငွေတွေထဲက (၆၅) ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ကြဖို့ ပို့ကုန်လုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီး ပို့ကုန်ရငွေပမာဏရဲ့ (၃၅) ရာခိုင် နှုန်းကိုတော့ ပြင်ပပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုထားတာပါ။
တစ်ဖက်မှာတော့ ဒေါ်လာဈေးနှုန်း တည်ငြိမ်ဖို့အတွက်ဆိုပြီး ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲမှာမဟုတ်သလို ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ နိုင်ငံခြားငွေ ငွေ သားကို တိုးမြှင့်ရောင်းချပေးသွားမယ်လို့ မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ