မော်လမြိုင်၊ ဇွန်(၄)

မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး အခုနှစ်အတွင်း လုပ်ငန်းလည်ပတ်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိလာတာကြောင့် နာလန်ထူစပြုလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်းခရီးသွားဧည့်သည်တွေကိုသာ အဓိကမှီခိုအားထားနေရတာ ဖြစ်ပါတယ်။

နိုင်ငံခြားသားခရီးသွားတွေနဲ့ သူဌေးတွေကို ဦးတည်တဲ့ ဇိမ်ခံဟိုတယ်တချို့ လက်ရှိအချိန်ထိ မဖွင့်လှစ်နိုင်သေးပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်တွေကို ဦးတည်တဲ့ဟိုတယ်တွေကတော့ ၇၀ ရာ ခိုင်နှုန်းလောက် လည်ပတ်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“COVID ပြီးသွားခါစ ၂၀၂၂ ကုန်နောက်ပိုင်းလောက်မှာ နည်းနည်းလေး ပြန်တက်လာတာပေါ့။ ဒီနေ့ ဆိုရင်တော့ အရှိန်အဟုန်အမြင့်ကြီးတော့ မရောက်သွားသော်လည်း ကျတော့မသွားသေးဘူး၊ နည်းနည်းပြန်တက်လာတဲ့သဘော။ အချိန်တစ်ခုကို စောင့်ရမှာပဲ၊ အဲဒီလိုတွက်ချက်ထားပြီးသားပဲ။ ဘာလို့ဆို ဟိုတယ်လုပ်ငန်း လုပ်တဲ့အခါ ခရီးသွားလုပ်ငန်းက အဓိကကျတာပေါ့။ အဲဒီခရီးသွားလုပ်ငန်း အ ရှိန်အဟုန်ပြန်ပြီး မြင့်လာအောင် ကျွန်တော်တို့ ဟိုတယ်အသင်းက နည်းနည်းကြိုးစားနေကြတာပေါ့” လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါ တယ်။

ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ရိုက်ခတ်မှုနဲ့အတူ တစ်ကျော့ပြန်စစ်တပ်အာဏာသိမ်းမှုကြောင့် ခရီး သွားလုပ်ငန်း ရပ်တန့်ခဲ့တဲ့အတွက် မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်တွေမှာ လာရောက်တည်းခိုသူ ကျဆင်းတာအပြင် စစ်ကောင်စီတင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် သုံးနှစ်လောက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဒီအခြေအနေကြောင့် ဟိုတယ်လုပ်ငန်းတွေ ရပ်နားလာမှုနဲ့အတူ တချို့ဟိုတယ်တွေက ဝန်ထမ်းလျော့ချထားတဲ့အတွက် အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစုရာနဲ့ချီပြီး အလုပ်လက်မဲ့ပြ ဿနာကို အကြီးအကျယ် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တိုင်းပြည်တည်ငြိမ်မှုမရှိသေးပေမယ့် ပြည်တွင်းခရီးသွားတွေကို ဦးတည်တဲ့ဟိုတယ်တွေဟာ ရက်ကြီးအခါကြီးတွေမှာ ခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှုနဲ့ လုပ်ငန်းကိစ္စတွေကြောင့် ဝင်ရောက်တည်း ခိုမှုတွေလည်း တိုးလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မွန်ပြည်နယ်မှာတော့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းပေါင်း ၇၀ ထက်မနည်း ရှိနေပြီး ဟိုတယ်လုပ် ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေတဲ့အတွက် ကုန် ကျစရိတ်ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.