တနင်္သာရီ၊ ဇွန်(၃)
စစ်ရေးပဋိပက္ခတင်းမာနေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အရပ်သားပြည်သူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ မြစ်ထဲလှေ မောင်းလာတဲ့ ကမ်းတိုရွာသား ကိုအောင်ကျော်နဲ့အဖော်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခဲ့ရတာကြောင့် ကိုအောင်ကျော်ဟာ ကျည်ထိမှန်ပြီး ရေထဲထိုးကျသွားကြသလို အဖော်ဖြစ်သူကတော့ ရေကူးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ကိုအောင်ကျော်ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ ဇွန် ၃ ရက်နေ့ မနက်ပိုင်းမှာ ဆင်ဒင်ကျေးရွာမြစ်ထဲ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။
အဲဒီနေ့ ည ၉ နာရီအချိန်ကလည်း ထားဝယ်ကနေ မြိတ်ကိုမောင်းနှင်းလာတဲ့ ဖရဲသီးယာဉ်သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာနေ ယာဉ်မောင်းဦးစန်းနီ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်းပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဘယ်အဖွဲ့အစည်းက ပစ်ခတ်တာလဲဆိုတာ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။တနင်္သာရီတိုင်းဒေသကြီးမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အရပ်သား ၄၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ