ကြာအင်းဆိပ်ကြီး၊ ဇွန်(၄)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သလို ရုံးအဆောက်အဦး တချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ဇွန် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်း၊ ခလရ(၂၈၄)တပ်ရင်းနဲ့ စစ်ကောင် စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရား သူကြီးရုံးတွေကို ဇွန် ၂ ရက်နေ့ မနက်(၅)နာရီအချိန်မှာ KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပြိုင်ထဲဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲစခန်းနဲ့ ရုံးတွေကြေမွပျက်စီးသွားပြီး စစ်ကောင်စီဘက်မှ စစ်သားနဲ့ရဲ ၁၀ ဦးနီးပါး သေဆုံးခဲ့ကာ ၁၅ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သလို S.O.F တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ခြေ ထောက်ဒဏ်ရာနဲ့ ၁ ဦးက ရင်ဘတ်မိုင်းစထိမှန်ခဲ့ကာ စိုးရိမ်စရာမရှိဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ မြို့ပေါ်အနှံ့နေရာတွေကို လိုက်လံရမ်းသမ်းပစ်ခတ်နေပြီး တော်လှန်ရေးအင်အားစုတွေမရှိတဲ့ ဘာသာရေးအ ဆောက်အဦးကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ရဟန်း ၁ ပါးနဲ့ ဒေသခံ ၂ ဦးလည်း လက် နက်ကြီးထိမှန်သေဆုံးခဲ့ကာ ဘာသာရေးအဆောက်အဦးနဲ့ လူနေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ဘာသာရေးအဆောက်အဦးနဲ့ လူနေရပ်ကွက်တွေအပေါ် တိုက်ခိုက်ခဲ့တဲ့အတွက် သံဃာ ၁ ပါးနဲ့ ကလေး ၁ ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ကလေး ၃ ဦးနဲ့ ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ အပေါင်းအပါ ဌာနဆိုင်ရာတွေဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်နဲ့ မြို့ပြင်ကန်းပုန်းတွေမှာ ဒေသခံပြည်သူတွေကို မထင်ရင်မထင်သလို အကြောင်းမဲ့ဖမ်းဆီးတာ၊ ပစ္စည်းတွေသိမ်းယူတာအပြင် သတ် ဖြတ်မှုတွေ မကြာခဏရှိနေပြီး မြို့ပေါ်ရပ်ကွက်နဲ့ အနီးရှိကျေးရွာတွေကိုလည်း လက် နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- S.O.F