သထုံ၊ ဇွန်(၃)
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်နယ်စပ် ဒုံသမိတံတားရှိ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ဒုရဲမှူး အပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒုံသမိတံတားရှိ ရဲနဲ့စစ်တပ်ပူးပေါင်း စစ်ဆေးရေးဂိတ် ၂ ခုကို ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ မနက်ပိုင်း ၆ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲတပ်ရင်း (၂၂) က ဒုရဲမှူးသီဟဇော်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးသေ ဆုံးခဲ့ပြီး စစ်တပ်ဘက်ကလည်း တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့သလို ဒဏ်ရာရသူ ၁၀ ဦးနီးပါး ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ စက်လက်သေနတ်တစ်လက် အပါအဝင် သေနတ် ၅ လက်၊ ဖုန်း ၂ လုံး၊ AK ကျည် ၃၁၀ တောင့်၊ ကျည်ဘောက် ၈ ခုနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။
တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး ၁ ဦး မစိုးရိမ် ဒဏ်ရာရရှိ ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
ဒုံသမိတိုက်ပွဲမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို ဒူးရင်းဆိပ်ကျေးရွာ ကျေးလက်ဆေးပေးခန်းအပါအဝင် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒုံသမိတိုက်ပွဲပြီးနောက် ဘားအံ-သထုံကားလမ်းကို စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Non Aung