နေပြည်တော် – ဇွန်(၃)
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်သွားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း တရုတ်ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ပထမဆုံးအကြိမ်ဖြစ် ဇွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာပါ။
ဇွန် ၁ ရက်နေ့ ပထမရက်မှာ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို နှစ်ဖက်အဖွဲ့ တင်ပြခဲ့ ကြပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီ တင်ပြတဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြန်လည်မဆွေးနွေးဘူးလို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက သတင်းမီဒီယာ တချို့ကို ပြောဆိုထားပါတယ်။
ဒါပေမယ့် ဆွေးနွေးမှု ဒုတိယရက်မှာတော့ နိုင်ငံရေးကိစ္စရပ်တွေကို စစ်ကောင်စီက ဆွေးနွေး ချင်ပေမယ့် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်က မဆွေးနွေးချင်တဲ့အတွက် နှစ်ဘက်ညှိနှိုင်းမှု မပြေလည်တာကြောင့် ဆွေးနွေးမှု ရပ်နားလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဇွန် ၂ ရက်နေ့ ဆွေးနွေးမှုမှာ ပထမရက်က မပြီးပြတ်သေးတဲ့ ကိစ္စတွေ ကို ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ ပြန်လည်တွေ့ဆုံပြီး ဆွေးနွေးသွားကြမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေးနွေးမှု ရပ်နားလိုက်တဲ့အပေါ် သံလွင်တိုင်းမ်က ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်ခြင်း မရှိပေးပါဘူး။
ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် ကိုးကန့်အဖွဲ့ (MNDAA) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့ဟာ မတရားအသင်းဖြစ် ကြေညာခံထားရတာပါ။
ဒါကြောင့် စစ်ကောင်စီနဲ့ ပထမရက် ဆွေးနွေးမှုမှာတော့ မတရားအသင်းကနေ ပယ်ဖျက်ရေး အပါအဝင် ဖမ်းဆီးထားသူတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူ တွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး အဆင်ပြေချောမွေ့ စွာ ရောက်ရှိနိုင်ဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့က တင်ပြခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုး တိုးတက် ရေးအတွက် ပူးပေါင်းနိုင်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက် ရေးအတွက် ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို စစ်ပညာသင်တန်းပေးပြီး လက်နက်ခဲယမ်းတွေ ကူညီထောက်ပံ့ပေးနေသလို တော်လှန်ရေးအဖွဲ့အစည်းတချို့နဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမယ်လို့ ဇန်နဝါရီ ၁ ရက်နေ့က ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး