စစ်ကိုင်း၊ ဇွန်(၃)
စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့အတူ ကြံ့ကြံ့ခံ ရင် ဆိုင်တိုက်ပွဲဝင်နေကြတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို ပြီးခဲ့တဲ့ မေ ၃၀ နဲ့ ၃၁ ရက်နေ့တို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၁၇၀ ကျော်နဲ့ လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ခဲ့ပါတယ်။
ဖိုရမ်မှာနိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရာအုပ်ချုပ်ရေးနဲ့ အထွေထွေကဏ္ဍတွေအပေါ် အခြေခံပြီး တိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ဆွေးနွေးအဖြေရှာကာ သဘောထားစုစည်းချက်တွေ ရရှိခဲ့တယ်လို့ စစ်ကိုင်းဖိုရမ်က ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ တိုင်းအဆင့်နဲ့ဆိုင်တဲ့ ကြားကာလအစီအမံတွေ ပေါ်ပေါက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မူဝါဒရေးဆွဲရေး၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးအဖွဲ့တွေအကြား အပြန်အလှန်ထိန်းကျောင်းရေးအပါအဝင် ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေ စုစည်းအားကောင်းနိုင်ဖို့ သဘောထားပေးခဲ့ကြတာပါ။
စစ်ကိုင်းဖိုရမ်ပြောခွင့်ရ ကိုလွမ်းသူကတော့ စစ်ကိုင်းဖိုရမ်ဟာ ဖက်ဒရယ်ယူနစ်တစ်ခု ပေါ်ပေါက်လာဖို့ထက် ဖက်ဒရယ်နဲ့ ကိုက်ညီတဲ့အချက်အလက်တွေကို စစ်ကိုင်းတိုင်းအနေနဲ့ ကြိုတင်စီမံတဲ့ အနေအ ထားလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဗမာပြည်နယ်ပေါ်ပေါက်ရေးတို့၊ စစ်ကိုင်းက ဖက်ဒရယ်ယူနစ်ဆိုတာထက် ကြားကာလမှာ စစ်ကိုင်း တိုင်းရဲ့ နိုင်ငံရေး၊ စစ်ကိုင်းလူထုရဲ့ နိုင်ငံရေးအမြင်။ ပြီးရင်ကြားကာလမှာ ကျွန်တော်တို့တွေ ပိုမိုအား ကောင်းတဲ့ မြေပေါ်မြေအောက်တော်လှန်ရေး အားကောင်းပြီး ဆုံးရှုံးနစ်နာမှုကလည်း အများဆုံးဖြစ်တယ်။ သို့သော် ကျွန်တော်တို့ စုဖွဲ့ထားနိုင်မှုနည်းတဲ့အပေါ် စစ်ကိုင်းဖိုရမ်ကနေမှ တိုင်းအတိုင်ပင်ခံကောင်စီ ဒါမှမဟုတ် အစုအဖွဲ့တစ်ခုပေါ်ပေါက်ဖို့ဆိုတာတော့ ဖက်ဒရယ်ယူနစ်တွေ၊ ဗမာပြည်နယ်တွေဆိုတာထက် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ စစ်ကိုင်းဖိုရမ် စစ်ကိုင်းဒေသကနေပြီး ကြိုတင်စီမံဆောင်ရွက်တဲ့ အနေအထားလို့ ပြောချင်တယ်”လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ သမိုင်းအဆက်ဆက် ဘယ်တုန်းကမှ မပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်ခုခံမှုဟာ စစ် တပ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီတပ်ရဲ့မျိုးစုံသော အကြမ်းဖက်နှိပ်စက်မှုတွေကို တူမီးသေ နတ်နဲ့ အစပြုတော်လှန်ရာကနေ ဒီကနေ့ချိန်မှာတော့ အဆင့်မြင့်လက်နက်တွေနဲ့ ရွပ်ရွပ်ချွံချွံ ရင်ဆိုင်တိုက်ခိုက်နေကြတာပါ။
ဒီအခြေအနေမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးတာအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့အတူ လေကြောင်းထိုးစစ်တွေကိုလည်း ပြင်းပြင်းထန် ထန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၉၅ ကြိမ် ရှိခဲ့ပြီး ဒီအရေအတွက်ဟာ တစ်နိုင်ငံလုံးအ တိုင်းအတာမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ စစ်ကိုင်းတွင်းအတွင်းက လက်နက်ကိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အမြောက်အများရှိနေပြီး အင်အားစုအချင်းချင်းကြား အထင်မြင်လွဲမှားမှုတွေ၊ စွပ်စွဲဖမ်းဆီးမှုတွေအပြင် အခွန် ကောက်ခံရေးကိစ္စနဲ့ နယ်မြေသတ်မှတ်ရေးဆိုင်ရာ ပြဿနာတွေလည်း ရှိနေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကိုင်းဖိုရမ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး စုဖွဲ့လေကျင့်မှုတွေ တဆင့်တိုးတည်ဆောက်နိုင်ရေးအတွက် ပထမခြေလှမ်းဖြစ်တယ်လို့ သုံးသပ်တာပါ။
“စုဖွဲ့မှုတွေ လေ့ကျင့်တည်ဆောက်မှုတွေ တဆင့်တိုးပြီးလုပ်လာမယ်ဆိုရင် စစ်ကိုင်းတိုင်းကနေ မြန်မာ အမျိုးသားအများစုပါဝင်တဲ့ တပ်မဟာတစ်ခု တပ်ရင်းတစ်ချို့ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒါဟာ စစ်ကကောင်စီအဖွဲ့က အကြောက်ဆုံးကိစ္စပါ။ အဲဒီတော့ စစ်ကိုင်းဖိုရမ်ဟာ အဲဒီလို တည်ဆောက်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီခြေလှမ်းကနေ ရှေ့ဆက်ပြီးတော့ Chain of command တွေ တပ်ရင်း၊ တပ်ဖွဲ့ စုစည်းမှုတွေ၊ လက်နက်တပ်ဆင်မှုတွေ ပိုကောင်းလာလို့ရှိရင် စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီလုပ်သမျှ ငုံ့ခံနေရတဲ့အဖြစ်ကနေ ပြန်လှန်တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ စည်းလုံးညီ ညွတ်တဲ့ အင်အားစုကြီးတစ်ခု မကြာခင်ပေါ်ပေါက်လာလိမ့်မယ်လို့ ကျွန်တော်က မျှော်လင့်ပါတယ်”လို့ သူက ဆိုပါတယ်။
စစ်ကိုင်းဖိုရမ်မပြုလုပ်မီနဲ့ ပြုလုပ်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါ အဝင် တော်လှန်ရေးမိတ်ဖက်အင်အားစု ၃၀ ဖွဲ့ထက်မနည်း သဝဏ်လွှာတွေ ပေးပို့ကြရာမှာ စစ်ကိုင်း တိုင်းကို ဖက်ဒရယ်ယူနစ်အသွင် သတ်မှတ်တဲ့အသုံးအနှုန်းတွေ ထည့်သွင်းဖော်ပြကြပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ‘စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းပါဝင်နိုင်ရေး KNU က မျှော် လင့်ကြောင်း’ပေးပို့ထားတဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (BPLA)ရဲ့ သဝဏ်လွှာမှာလည်း ‘ဖက်ဒရယ်ယူနစ်တွေနဲ့ တန်းတူရည်တူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခြေလှမ်းကောင်းတစ်ခု ဖြစ်ပါစေကြောင်း’ တိုက်တွန်းခဲ့ပြန်ပါတယ်။
စစ်ကိုင်းဖိုရမ်ပြောခွင့်ရ ကိုလွမ်းသူကတော့ လတ်တလောမှာ ဒေသတွင်းလှုပ်ရှားနေကြတဲ့ တော်လှန် ရေး အဖွဲ့တွေအားလုံး နိုင်ငံရေး၊ စစ်ရေးအရ ပေါင်းစည်းနိုင်ရေး နိုင်ငံရေးအထိန်းအကွပ်ကနေ ထိန်း ကျောင်းဖို့လိုနေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ကတော့ဗျာ တော်လှန်ရေးအင်အားစုတွေအားလုံး ရာနှုန်းပြည့်ပေါင်းစည်းနိုင်ဖို့ကတော့ မလွယ်ဘူးပေါ့လေ။ သို့သော်လည်း တော်လှန်ရေးအောင်နိုင်ဖို့ဆိုရင် နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစည်းနိုင်ဖို့ လိုတာပေါ့။ နောက်ဆုံးအဆင့်ပြောရရင် စစ်ရေးကိုသွားတဲ့အခါမှာလည်း နိုင်ငံရေးအထိန်းအကွပ် နိုင်ငံရေးဟာ မူလထိန်းကျောင်းပြီးတော့မှ စစ်တိုက်တယ်ဆိုတဲ့ဟာမျိုးတွေ လိုမယ်လို့ မြင်ပါတယ်။ ဒါကြောင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ရေးအရသွားတာဖြစ်ဖြစ်၊ နိုင်ငံရေးအရ သွားတာဖြစ်ဖြစ် အားလုံးဟာ ပူးပေါင်းဆောင်ရွက်ဖို့ စုဖွဲ့ထားနိုင်မှုဟာ ကျွန်တော်တို့အတွက် အဓိကအခြေခံလိုအပ်ချက်လို့ပဲ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။
စစ်ကိုင်းဖိုရမ်ကနေ ဒေသတွင်းအဖွဲ့အစည်းတွေကြား ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့ တိုင်းအတိုင်ပင်ခံကောင် စီကို ဖွဲ့စည်းတည်ဆောက်ဖို့ အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့ကို ရည်မှန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒုတိယကြိမ် စစ်ကိုင်းဖိုရပ်ကို အမြန်ဆုံးကျင်းပနိုင်ဖို့ လက်ရှိဆွေးနွေးထားတဲ့ အသေးစိတ်အချက် အ လက်တွေကို တက်ရောက်ခဲ့ကြတဲ့ ဒေသအသီးသီးက ခေါင်းဆောင်တွေ အစုဖွဲ့တွေထံပေးပို့မှာဖြစ်ပြီး မပါဝင်ရသေးတဲ့ အင်အားစုတွေကိုလည်း ပါဝင်လာနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဖိုရပ်ဖြစ်မြောက်ရေးအဖွဲ့ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်