ကြာအင်းဆိပ်ကြီး၊ ဇွန်(၃)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဇွန် ၂ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်း ထန်နေပြီး အရပ်သားတွေပါ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတချို့တွေကို အဲဒီနေ့ မနက်အစောပိုင်းကစပြီး KNLA တပ်မဟာ(၆)ဦးဆောင်တဲ့ တော်လှန် ရေးတပ်ပေါင်းစုတွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၈၄)တပ်ရင်းဌာနချုပ်ကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး(၆)လုံးကြဲချတိုက်ခိုက်သွားခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နံနက်(၅)နာရီကနေ (၇)နာရီ(၄၅)မိနစ်အထိ (၃)နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအသုံးပြုကာ ကြာအင်းဆိပ်ကြီးမြို့ပေါ်နဲ့ အနီးတဝိုက်နေရာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီလိုစစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရဟန်းသံဃာတော်တစ်ပါးအပါအဝင် အရပ်သား(၄)ဦးထက်မနည်း ထိခိုက်သေဆုံးသွားခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အ ဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်တပ်ဖွဲ့ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံ စမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဝါဒဖြန့် သတင်းစာမျက်နှာတွေမှာတော့ ကြာအင်းဆိပ်ကြီးမြို့ထဲကို KNLA ပူးပေါင်းအဖွဲ့က အင်အား(၁၈၀)ကျော်နဲ့ ဝင်ရောက်တိုက်ခိုက်လာခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး KNLA ပူးပေါင်း အဖွဲ့က (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ (၂)ဦးက ဒဏ်ရာစိုးရိမ်ရသလို KNLA ပူးပေါင်းအဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး(၁)ဦးနဲ့ သံဃာ(၂)ပါး ထိခိုက်သေဆုံးသွားခဲ့တယ်လို့ ရေး သားဖော်ပြထားပါတယ်။
KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့ဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့တစ်မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအစောပိုင်းက ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သေးတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ