နေပြည်တော်၊ ဇွန်(၂)
မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံရဲ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး သိမ်းယူထားတဲ့ စစ်ကောင်စီ ပြန်လည်ကျင်းပပေးမယ့် အထွေထွေရွေးကောက်ပွဲကို ရုရှားနိုင်ငံက ကူညီပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြန်လည်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေဖို့ ရုရှားနိုင်ငံအနေနဲ့ ကူညီပေးသွားမယ်လို့ ရုရှားဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မေ ၃၀ ရက်နေ့က တောင်ကြီးမြို့မှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။
ရုရှားဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဟာ စစ်ခေါင်းဆောင်နဲ့ မတွေ့မီ အဲဒီနေ့မနက်ပိုင်းကလည်း စစ်ကောင် စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးနိုင်ရေးအပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီ ပြန်လည်ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ရုရှားနိုင်ငံက ကူညီပေးမယ့်ကိစ္စရပ်အပေါ် ပြည်သူလူထုအတွင်း ဝေဖန်တာတွေရှိနေရသလို လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရွေးကောက်ပွဲကျင်းပပါက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်တာတွေလည်း ရှိနေတာပါ။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ရုရှားကူညီမယ်လို့ ပြောဆိုနေပေမယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေလက်ခံယုံကြည်မှသာ ရွေးကောက်ပွဲအောင်မြင်မှာ ဖြစ်သလို ရုရှားရဲ့အကူအညီဟာ စစ်ကောင်စီအာဏာတည်မြဲရေးအတွက် ပူးပေါင်းအားပေးတာလို့ ဝေဖန်ပါတယ်။
“ရုရှားကတော့ သူ့ဘက်က နိုင်ငံရေးအားဖြင့် အမြဲတမ်း ထောက်ခံနေတဲ့နိုင်ငံပေါ့။ ဒါပေမယ့် ရွေး ကောက်ပွဲဆိုတာ ပြည်သူတွေနဲ့လုပ်မှလေ။ ပိုက်ဆံရှိတိုင်း၊ အထောက်အပံ့ရှိတိုင်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ပြည်သူတွေကလက်ခံမှ၊ ပြည်သူတွေက အဲဒီရွေးကောက်ပွဲအပေါ်မှာ ယုံကြည်မှ ရွေး ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှ အဲဒါမှအောင်မြင်တဲ့ အခြေအနေမျိုးပါ။ ရုရှားနိုင်ငံက ဘယ်လောက်ပဲ ဖိအားပေးပေး ဘယ်လောက်ပဲ ကူညီထောက်ပံ့ပံ့ ဒါကရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆန္ဒနဲ့လုပ်ရတာဖြစ်တယ်။ သူတို့ထောက်ပံ့မှုက အရာတော့မရောက်ဘူး။ ဒါပေမယ့် စစ်ကောင်စီအတွက်ကတော့ စိတ်ခွန်အားတော့ ဖြစ်မှာပေါ့။ ရွေးကောက်ပွဲလုပ်ပြီးတော့ ဆက်ပြီးတော့ အာဏာကိုင်စွဲထားမယ့်ကိစ္စမှာ သူတို့အနေနဲ့ သူတို့ အာဏာရအောင်၊ စစ်တပ်အာဏာရအောင် အဲဒီလို ပူး ပေါင်းပြီးတော့ အားပေးနေကြတာ၊ ဝိုင်းပြီးတော့ အချွန်နဲ့မနေကြတာပေါ့၊ အဲဒီလိုပဲပြောလိုပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ရုရှားကကူညီပေးမယ်လို့ ပြောဆိုနေပေမယ့် မြေပြင်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်တာတွေမရှိတဲ့အတွက် အပြောသာရှိပြီး လက်တွေ့မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း ရုရှားနိုင်ငံက ရွေးကောက်ပွဲအတွက် ကူညီမယ်လို့ ပြောဆိုတာဟာ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံရေးအရ ထပ်ဆင့်ထောက် ခံတဲ့သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“သူတို့အနေနဲ့ ဒါက နဂိုကတည်းကလည်း သူတို့စစ်ကောင်စီရဲ့ လုပ်ဆောင်မှုနဲ့ ရပ်တည်မှုတွေကို ထောက်ခံတဲ့ သဘောရှိတဲ့ ရပ်တည်မှုမျိုးကို သူတို့ ပီပီပြင်ပြင်ပြထားပြီးသားလေ။ ဆိုတော့ အဲဒီရပ်တည်မှုနဲ့ ကိုက်ညီတဲ့ ပြောဆိုချက်မျိုးကို ပြောပြီးတော့ ဒါဟာထပ်ဆင့်ထောက်ခံတယ်ဆိုတဲ့ သ ဘောမျိုးပြောတယ်လို့ မြင်ပါတယ်။ ဒါက အပြောပဲပေါ့နော်။ နိုင်ငံရေးမှာကျတော့ ဒီလိုမျိုး အပြောနဲ့အသိအမှတ်ပြုတာ၊ ထောက်ခံတာဆိုတဲ့ဟာက လုပ်လေ့လုပ်ထရှိတယ်။ တကယ်ဖြစ်မယ်၊ မဖြစ်ဘူးကတော့ ကျွန်တော်တို့က အများကြီးကြားထဲမှာ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ အခုလက် ရှိကိုက (၆)လပြည့်ပြီးရင် သာမန်မဟုတ်တဲ့အခြေအနေဆိုတဲ့ဟာက အဲဒီအခြေအနေက ပြောင်းလဲမလား၊ မပြောင်းလဲဘူးလားဆိုတဲ့ဟာက မေးခွန်းရှိတယ်။ ပြီးတော့ လက်ရှိလက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ဥစ္စာတွေ အရှိန်တိုးမြင့်လာတဲ့ ကိစ္စတွေရှိတယ်။ နောက်ဒီလိုမျိုး ရွာလုံးကျွတ်ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ ကိစ္စရှိတယ်ဆိုတော့ တကယ်တမ်းရွေးကောက်ပွဲကြီး ဖြစ်လာဖို့ မဖြစ်ဖို့ဆိုတဲ့ဟာက တခြားစဉ်စားရမယ့် လုပ်ရမယ့်အချက်တွေက အများကြီးရှိသေးတယ်”လို့ ဆိုပါတယ်။
အရေးပေါ်ကာလပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီဟာ လက်ရှိအချိန်အထိ နိုင်ငံတဝန်းရဲ့ ၆၀ ရာခိုင်နှုန်း မြို့နယ်အနေနဲ့ ၁၉၈ ခုလောက်သာ ရာနှုန်းပြည့် တည်ငြိမ်အေး ချမ်းအောင် ထိန်းချုပ်ထားနိုင်တဲ့အနေအထား ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ လုံခြုံရေးအလေးထားရမယ့် မြို့နယ်ပေါင်း ၆၇ မြို့နယ်နဲ့ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိပြီး အချို့ကျေးလက်ဒေသတွေမှာ လုံခြုံရေးပိုမိုလိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ ဝန်ခံထားတာပါ။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတစ်ဦးကလည်း စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်ဆောင်မယ်လို့ ပြောဆိုနေပေမယ့် မြေပြင်မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဘာမှလုပ်ဆောင်ထားတာ မရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲရဲ့ လမ်းစဉ်တွေပေါ့နော်။ လုပ်ငန်းစဉ်တွေကို အ ကုန်လုံးလုပ်ရမယ်။ ဒါပေမယ့်လုပ်ငန်းစဉ်တွေလည်း အခုချိန်ထိဘာမှမလုပ်သေးဘူး။ ဒါပေမယ့် ရွေး ကောက်ပွဲကျင်းပမယ် ပါးစပ်ကပြောနေတယ်။ ရုရှားကလည်း တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ တရားမျှတတယ်ဆိုတဲ့ စကားလုံးကတော့နော် ပြောလို့အရမ်းလွယ်တယ်ပေါ့။ ဘယ်လိုတရားမျှတတာလဲ။ လက်ရှိယှဉ်ပြိုင်ဘက်ပါတီ ခေါင်းဆောင်တွေတောင်မှ ထောင်ထဲထည့်ထားတာလေ။ တ ကယ်အာဏာရထားတဲ့ သူတွေတောင်မှ အထဲကို အကုန်လုံး ထည့်ထားတယ်ဆိုတဲ့ အခါကျတော့ ဘယ်လိုလုပ် တရားမျှတတဲ့ရွေးကောက်ပွဲလဲ။ တကယ်တမ်းကျတော့ သူတို့တွေက ဒီရွေးကောက်ပွဲက တမင်သက်သက်ကို မဲစာရင်းမှားတယ်အကြောင်းပြတယ်။ သိမ်းချင်သလို သိမ်းတယ်။ လုပ်ချင်သလို လုပ်တယ်နော်။ အခုကလည်း ယှဉ်ပြိုင်မှုအနေနဲ့ တကယ်ယှဉ်ပြိုင်ခွင့် ပေးမယ်ဆိုရင် ပြည်သူရဲ့ရင်ထဲမှာ မဲတွေကအကုန်လုံးရှိပြီးသားပါ။ ဒါပေမယ့်လက်ရှိမှာသူတို့က အဲဒီအခြေအနေဖြစ်တဲ့အချိန်မှာ သူတို့စစ်တပ်ထောက်ခံတဲ့ပါတီပေါ့။ ဒါမှမဟုတ် သူတို့စစ်တပ်ကပဲ အာဏာပြန်ရအောင်ဆိုတဲ့ ရွေး ကောက်ပွဲစနစ်ကို သူတို့အဓိကလုပ်နေတာလေ”လို ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပြီး မဲပေးခြင်း၊ မပေးခြင်းက ပြည်သူတစ်ဦးရဲ့ ဆန္ဒဖြစ်တဲ့အတွက် မဲပေးနိုင်ဖို့ အစိုးရရဲ့တာဝန်ဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေတာပါ။
ဒါပေမဲ့ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲထားပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသုံးစရိတ်ဟာ ကျပ်၂၈ ဘီလီယံကျော်သာ ခွင့်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ အချက်အလက်တွေအရ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာ ရေးနှစ်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အသုံးစရိတ်ဟာ ကျပ် ၅၂ ဘီလီယံ ကျော်ရှိခဲ့တဲ့အတွက် အခုခွင့်ပြုခဲ့တဲ့ပမာဏနဲ့ နှိုင်းယှဉ်ကြည့်ရင် တစ်ဝက်နီးပါးလောက် လျှော့ချခံထားရတာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီကျင်းပမယ့် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မှတ်ပုံတင်ခွင့်နဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီအထိ ရှိနေပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေရ စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ်တာကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၉၀ ကျော်ထက်နည်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI