ရန်ကုန်၊ ဇွန်(၂)

တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက် စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါးရရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar က မေ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်အတွေအရ အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း မြန်မာ နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့တာပါ။

အဲဒီထဲက ၇၀ ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍကို ဝင်ရောက်ခဲ့ပြီးရရှိခဲ့တဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ် လာ လေးဘီလီယံနီးပါးထဲက ၂ ဒသမ ၅ ဘီလီယံ ဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ခွင့်ပြုခဲ့တဲ့ တ ရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မီးလင်းချိုင်စွမ်းအင်စီမံကိန်း ဖြစ်ပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေရလမ်းကြောင်းဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ (MOGE) လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဒီကနေ့အထိ ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အမေရိကန်အပါအဝင် အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီကနေ့အထိ မထိရောက်သေးဘူးလို့ သွေးစွန်းငွေဖြတ်တောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

“ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ချက်ချင်းပိတ်ပါ၊ ချက်ချင်း Sanction ချ (အရေးယူပိတ်ဆို့)ပါ။ နောက်တစ်ခုက နိုင်ငံခြားဝင်ငွေကို မြန်မာပြည်က တရားဝင်ရနိုင်အောင် လုပ်ပေးနေတဲ့ လမ်း ကြောင်းတွေဖြစ်တဲ့ နိုင်ငံပိုင်ဘဏ်တွေကို ပိတ်ပစ်ဖို့ လိုတယ်ပေါ့။ ပြီးတော့ နိုင်ငံတိုင်းက ဝိုင်းပူး ပေါင်းဆောင်ရွက်ဖို့ လိုတယ်။ Sanction ချလိုက်ပြီဆိုပြီးတော့ စာရင်းလေးပဲ ထွက်လာတာ မဟုတ်ဘဲနဲ့ Sanction ချလည်း အလုပ်မဖြစ်ဘူးဆိုတဲ့ဟာတွေက သက်သေတွေပြနေတဲ့အခါကျတော့ အဲဒီ Sanction အလုပ်ဖြစ်အောင် အနောက်ကနေ Monitoring လုပ်တဲ့ လုပ်ငန်းစဉ်တွေ နောက်ပြီး အ ရေးတယူစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကိုလည်းဆက်ပြီး လုပ်ကိုလုပ်ရမယ်ပေါ့”လို့ သူက ဆိုပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ တရုတ်နိုင်ငံက ထက်ဝက်ကျော်ပါဝင်နေပြီး အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့က ဒုတိယအများဆုံး ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်မှာလည်း စွမ်းအင်ကဏ္ဍကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဘယ်နိုင်ငံက ရင်းနှီးမြှုပ်နှံတယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့ ISP-Myanmar က ဆိုပါတယ်။

မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းနေပြီး အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ ၅ ဒသမ ၅ ဘီလီ ယံကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Blood Money Campaign

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.