နိုင်ငံတဝန်းက မြို့ပြတွေမှာလှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေဟာ နွေဦးတော်လှန်ရေးကာလ ၂ နှစ်အတွင်း ဖမ်းဆီးခံတာအပြင် အကူအညီရရှိမှု နည်းပါးလာတာကြောင့် ရပ်တည်ဖို့ ပိုမိုခက်ခဲလာ တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက တညီတညွတ်တည်း ပြောဆိုလာတာပါ။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထောက်ပံ့မှုမရတာကြောင့် အချိန်မီမပြောင်းရွှေ့နိုင်လို့ ဖမ်းဆီးခံခဲ့ရတဲ့အဖွဲ့တွေနဲ့ ထောက်ပံ့မှုမရရှိတာကြောင့် စစ်ဆင်ရေးတွေ မလုပ်နိုင်တော့သလို ဖျက်သိမ်းလိုက်ရတဲ့ အဖွဲ့တွေလည်း ရှိလာခဲ့ပါတယ်။ တချို့အဖွဲ့တွေက မြို့ပြကိုစွန့်ပြီး တိုင်းရင်းသားတော်လှန် ရေးနယ်မြေတွေထဲကို ပြန်လည်ဝင်ရောက်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါကြောင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်လာရတဲ့ အခက်အခဲတွေ၊ ဆက်လက် ရပ်တည်နိုင်ဖို့ ဘယ်လို အကူအညီတွေ လိုအပ်နေလဲ။ မြို့ပြတော်လှန်ရေး ဘယ်လောက်အထိ အောင်မြင်မှုရရှိနေပြီးလဲ။ ဒီအခြေ အနေနဲ့ ပတ်သက်ပြီး မြို့သစ်ဒဂုံပြည်သူ့ကာကွယ်ရေးတပ် MDPDF တာဝန်ခံ တောင်သမန်နဲ့ ဆက်သွယ်မေး မြန်းချက်။
-အရင်ဆုံးဒီရက်ပိုင်းတွေ UG တွေ အဖမ်းခံရတာတွေများလာတယ်။ ဘာကြောင့်လို့ ယူဆရပါသလဲ။
UG တွေ ဖမ်းခံရတာနဲ့ ပတ်သက်ပြီး လက်နက်ကိုင်အင်အားနှစ်စုက ပြိုင်တိုက်တာလေ အဲဒီမှာ ကိုယ်ကညပ် နေတယ်။ ကိုယ်ကလည်း အားနည်းချက်တွေ ရှိနေတယ်ဆိုရင်တော့ ခံရတာပါပဲ။ ဒီရက်ပိုင်း အဖမ်းခံရမှုတွေ ကတော့ ကိုယ့်ဘက်က တစ်ကျော့ပြန် ခေါင်းထောင်လာတာရယ်၊ ရန်သူ့စစ်ဗျူဟာ အပြောင်းအလဲကြောင့်မို့ ပြောရင် ပိုမှန်ပါတယ်။ ပုံမှန်ကတော့ UG မကုန်မချင်းတော့ ဖမ်းနေမှာပဲလေ။ အစုလိုကအပြုံလိုက် အဖမ်းခံ နေရတော့ ရှိမှာပဲ အခုလက်ရှိက။ အခုလိုအခြေအနေမျိုးကိုဖြစ်စေတဲ့ အကြောင်းတရားကိုတော့ သေချာခွဲခြမ်း စိတ်ဖြာဖို့ လိုမယ်ထင်ပါတယ်။ အခုဆိုရင် မအလကရှိနေတဲ့အချိန်မျိုးတွေ၊ ကိုယ့်ဘက်က တော်လှန်ရေးအင် အားစုတွေကလည်း နောက်တန်းကို တိုက်မယ်လို့ အသံပေးထားတဲ့ အခြေအနေမျိုးတွေ၊ နယ်ဘက်တွေမှာ စစ်ကြောင်းထိုးဖို့ခက်တဲ့ မိုးရာသီရောက်လာတဲ့ အချိန်မှာဆိုရင် မြို့တွေမှာ အထိုင်ခံစစ်ဗျူဟာ ပြန်ပြင်တဲ့ အချိန်မှာဆိုရင် အစုလိုက်အပြုံလိုက် ဖမ်းခံရတာ ပိုများတယ်။ အခြားသော အကြောင်းအရင်းတွေ ရှိပါတယ်။
-လက်ရှိမှာ မြို့ပြတော်လှန်ရေးအင်အားစု UG တွေဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရပါသလဲ။
တော်လှန်ရေးနှစ်နှစ်ကျော်ကာလ UG တွေရဲ့ လက်ရှိအခြေအနေမှာဆိုရင် အခက်အခဲအကျပ်အတည်းတွေ၊ ဒဏ်ရာဒဏ်ချက်တွေ၊ ပြီးတော့အတွေ့အကြုံ သင်ခန်းစာတွေအများကြီးနဲ့ ရှင်သန်နေဆဲပဲလို့ ပြောလို့ရမှာပေါ့။ တော်လှန်ရေးတိုက်ပွဲကလည်း မပြီးသေးဘူး။ အဆုံးထိ ရှင်သန်ဖို့လည်း လိုသေးတာပေါ့။ ရန်ကုန်မှာ အခု နောက်ပိုင်းစစ်ဆင်ရေး ပိုခက်လာတာက ကိုယ့်ဘက်နေရာတွေ ပိုကျဉ်းလာတာပေါ့။ အဲဒါကတော့ ပြည်သူ ပြန်လုပ်ပေးနိုင်ရင်ရတာပေါ့။ စစ်ဆင်ရေး အကျပ်အတည်း အကြောင်းတရားကတော့ ကျွန်တော်တို့ပဲ သိတာ ပိုကောင်းပါတယ်။ တခြားဟာတော့ ကျွန်တော်တို့လည်း မပြောချင်ပါဘူး။ အဓိကက ကျွန်တော်တို့ရဲ့ နေရာ ကျဉ်းမှုကို ပြည်သူကပြန်ချဲ့ကားပေးပြီးတော့ COVER လုပ်နိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ချောင် လည်ကောင်း ချောင်လည်နိုင်တယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်။
-အထိနာနေပေမယ့် UG တွေဟာ မြို့ပြတော်လှန်ရေးမှာ ဘာကြောင့်ဆက်ရှိဖို့ လိုနေသေးလဲဆိုတာ ပြောပြပေးပါဦး။
အဖမ်းခံရမှုရယ်၊ မြို့ပေါ်စွန့်ခွာရမှုရယ် ပွဲဖျက်သိမ်းတာနဲ့ UG တွေ နည်းလာတာတော့ မှန်ပါတယ်။ ဒါပေမယ့် UG က PDF မဟုတ်တော့ အများကြီးမလိုဘူးလေ။ လက်နက်ကိုင်တော်လှန်ရေးမှာက UG က အခရာအကျ ဆုံး။ ပြီးတော့ ပင်မကျောရိုးကြီးပေါ့။ UG မရှိဘဲနဲ့ သမာရိုးကျ စစ်ပွဲတွေဖြစ်တဲ့ ရရာလက်နက်နဲ့ တိုက်နေတယ်။ ခုခံစစ်တွေပြီးတော့ မြို့သိမ်းတိုက်ပွဲဆိုတဲ့ ထိုးစစ်တိုက်ပွဲတွေမှာကျတော့ ခံရဘက်က ဖြစ်သွားလိမ့်မယ်။ ပြော ရရင်တော့ ကိုယ့်ဘက်က အထိနာမယ်ပေါ့ကွာ။ ဒါကိုတော့ တော်လှန်ရေးအင်အားစုကြားမှာ၊ ပြည်သူတွေ ကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုတယ်။ ရန်သူကိုထိုးစစ်ဆင်ဖို့ကတော့ UG တွေကပဲ ကောင်းကောင်း တိုက်ပွဲဝင်ဖို့ လိုတာကိုး။ အထူးသဖြင့် မြို့တွေမှာဆိုရင် UG အားကောင်းဖို့လိုတာ။ ယနေ့တော်လှန်ရေးတိုက်ပွဲမှာက UG တွေကို ဘေးဖယ်လိုက်မယ်ဆိုရင် စစ်ပွဲအနေအထားက အခင်းအကျင်းက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ ဒါလေးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးလည်း ပြောချင်သလို ကျယ်ကျယ်ပြန့်ပြန့်လေးလည်း သိစေချင်ပါ တယ်ခင်ဗျ။
-၂နှစ်ကျော် ကြာပြီးတဲ့နောက် မြို့ပြတော်လှန်ရေးက ဘာတွေ ပြောင်းလဲလာလဲ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်တို့ အဖွဲ့တင်မဟုတ်ဘူး။ အခြားအဖွဲ့တွေမှာလည်း မလိုလားအပ်တဲ့ အခက်အခဲတွေရှိပါတယ်။ အဓိ ကပြဿနာက လူထုကကျွန်တော်တို့အပေါ်ကို ကျွန်တော်တို့ UG တွေရဲ့ အခန်းကဏ္ဍအပေါ်မှာ နားလည်ပုံ နားလည်နည်းလွဲတာရယ် ကျွန်တော်တို့ UGတွေဘက်က တိုက်ပွဲဝင်ပုံစံ သဘောတရားပေါ်မှာ လွဲချော်မှု ရှိတာ ရယ်ကြောင့်ပါ။ ပြီးတော့လည်း ရပ်တည်မှုတွေ တနေ့တခြားကျပ်တည်းလာတယ်လို့ပဲ ပြောရမှာပေါ့။ နှစ်နှစ် ကျော်အတွင်း ပြောင်းလဲမှုဆိုရင် ရန်သူကတော့ သူတို့အစီအစဉ်ကို ပြောင်းလဲကျင့်သုံးတာတွေရှိတယ်။ ကိုယ့် ဘက်ကသာ ပြောင်းလဲကျင့်သုံးတာ အားနည်းသေးတာပေါ့။ အရင်နှစ်ကဆိုရင် ပြည်သူကလက်ရော၊ နှလုံး သားရော ကပ်နေတယ် UG တွေနဲ့ ပက်သက်ပြီးပေါ့။ ဒီနောက်ပိုင်းတော့ နည်းနည်းကွာလာတာတော့ ဖြစ်လာ တယ်။ ဒါကတော့ နည်းနည်းလေး ပြဿနာရှိနိုင်တဲ့အခြေအနေမျိုးပေါ့။
-မြို့ပြတော်လှန်ရေးက ဘယ်လောက်ထိ အောင်မြင်တယ်လို့ဆိုလို့ရနိုင်မလဲ။
တစ်ဦးတည်းအမြင်နဲ့ တင်ပြရမယ်ဆိုရင် မြို့ပြတော်လှန်ရေးကတော့ လိုအပ်တဲ့အတိုင်းအတာတစ်ခုထိတော့ အောင်မြင်မှု မရှိသေးဘူးလို့ပဲပြောရမယ်။ ထိုက်သင့်တဲ့ အခြေအနေတစ်ခု ရောက်အောင်တော့ အားလုံးက ဝိုင်းကြိုးစားကြတာပေါ့။ အရဲစွန့်ပြီး လုပ်ကြတာပေါ့။ ဘာလို့ဒီလိုပြောလဲဆိုရင် ရန်ကုန်လိုမြို့ကြီးတွေ တခြားမြို့ ကြီးတွေက ပုံမှန်လိုဖြစ်နေပြီ ။ အသံတွေက ပေါ်လာပြီလေ။ နယ်ဘက် ဒေသခံကာကွယ်ရေးတပ် တောတွင်းစခန်းတွေဆီ စစ်ကြောင်းထိုးလာတာတွေ အရမ်းများလာတယ်။ နောက်ပြီးတော့ လေကြောင်းနဲ့ အညာဒေသ တွေ ဗုံးကြဲတာတွေရော၊ တိုင်းရင်းသားဒေသတွေမှာ ဗုံးကြဲတာတွေ ပြန်ကြည့်မယ်ဆိုရင် တိုက်ပွဲတွေပေါ်မှာ ပြန်သုံးသပ်မယ်ဆိုရင်တော့ ဒါမြင်နိုင်ပါတယ်ဗျ။ UG က နောက်တန်းကို တိုက်တာဆိုတော့ သူကရှေ့က တိုက်ပွဲအရှိန်တက်တယ်ဆိုတာ နောက်တန်းကမတိုက်နိုင်ဘူးဆိုတဲ့ဟာကို ကျွန်တော်တို့ ပြလိုက်တာပဲလေ။ ထိုက်သင့်တဲ့အောင်မြင်မှုတော့ မရသေးပေမယ့် ၈၈ကထက် အခြေအနေသာတယ်လို့ ကျွန်တော်တို့က ပြော လို့တော့ ရပါတယ်ဗျ။
-နောက်ဆုံးအနေနဲ့ UG အဖွဲ့တစ်ခုအနေနဲ့ ပြည်သူကို ဘာပြောချင်ပါသလဲ။
မြို့ပြUGအဖွဲ့အနေနဲ့ ပြည်သူကို အဓိကထား ပြောချင်တာကလေ။ ပြည်သူနဲ့ UGက ကျောချင်းကပ် တိုက်ပွဲဝင် ရတာ ဖြစ်တယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ UGက ပြည်သူနားကပ်နေတာဖြစ်လို့ ဖေးမပါလို့ ကူညီပါ။ စောင့်ရှောက်ပါ၊ UGတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပါ။ မြို့တွေမှာ UG မရှိရင် ပြည်သူကိုဖိနှိပ်ဖို့ အခွင့်အလမ်း ပိုများမယ်ဆိုတာလေးလည်း ပြောချင်ပါတယ်။ တော်လှန်ရေးတိုက်ပွဲတွေမှာက UGတွေက ပြည်သူနဲ့ နီးနီးကပ် ကပ် ရှိနေတယ်။ သို့သော်လည်းပဲ ပြည်သူတွေဆီက အကူအညီ အထောက်အပံ့ မရဘူးဆိုတာလေးလည်း သိစေချင်ပါတယ်ခင်ဗျ။