နေပြည်တော်၊ မေ(၂၆)
နိုင်ငံ့ပညာရေးကဏ္ဍတစ်ခုလုံးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ စစ်ကောင် စီဟာ လက်ရှိမှာတော့ ပုဂ္ဂလိကပညာရေးကို ထိန်းချုပ်ဖို့ ဦးတည်ကြိုးပမ်းလာသလို လွတ်လပ်စွာပ ညာသင်ယူခွင့်ကိုပါ ကန့်သတ်လာတယ်လို့ ပညာရေးအသိုင်းအဝိုင်း တညီတညွတ်တည်း ပြောဆိုလာတာ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းအပါအဝင် ဆရာ၊ဆရာမ ခန့်အပ်တာကအစ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုတဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး မေ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ ပုဂ္ဂလိက ပညာရေးဥပဒေမှာ စစ်ကောင်စီရဲ့ ကြီးကြပ်ရေးအဖွဲ့ဟာ ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်းသတ်မှတ်တာ၊ ကျောင်းဆရာမှတ်ပုံတင် လျှောက်ထားတာ၊ နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင် လက်မှတ်ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာ၊ ပယ်ဖျက်တာအပြင် ပညာရေးကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဘက်စုံပညာရေးဟာ အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေသလို ဘက်စုံထူးချွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဟာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားတွေကို ပိုမိုနားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ မေ ၁၈ ရက်နေ့က နေပြည် တော်မှာပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ အဖွင့်အမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။
ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းနေပေမယ့် လက်တွေ့မှာတော့ အမျိုးသားညီညွတ်အစိုးရ NUG ဖော်ဆောင်နေတဲ့ ပ ညာရေးကဏ္ဍကို အပြင်းအထန်ဖိနှိပ်နေသလို တိုင်းရင်းသားဒေသက စာသင်ကျောင်းတွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။
အခြေခံပညာရေး လုပ်သားများသမဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင် ဆရာနောင်ချိုကတော့ ပညာကဏ္ဍမှာ ဘက်စုံမြှင့်တင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ခေါင်းဆောင် ပြောဆိုနေပေမယ့် လက်တွေ့မှာစာသင် ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြောနဲ့လက်တွေ့ ဆီလျော်မှုမရှိသလို နိုင်ငံတကာက ကြားကောင်းအောင် ပြောဆိုတာလို့ ဝေဖန်တာပါ။
“ကျွန်တော်တို့ကတော့ စစ်ကောင်စီက ဘက်စုံပညာရေးပဲပြောပြော၊ ဒီမိုကရေစီပညာရေးပဲ ပြောပြော၊ ဖက်ဒရယ်ပညာရေးပဲပြောပြော၊ သူတို့ပြောနေတာနဲ့ သူတို့လက်တွေ့လုပ်နေတာတွေက ဘာမှမဆီလျော်ဘူး။ ဥပမာအားဖြင့် ဒီဘက်မှာဘက်စုံပညာရေးလို့ ပြောနေတယ်။ တစ်ဖက်မှာလည်း တိုင်း ရင်းသားဒေသတွေ၊ စစ်ကိုင်း၊ မကွေးဘက်က စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတော့ သူတို့ပြောတာနဲ့ လက်တွေ့နဲ့က ဘာမှမဆီလျော်ဘူးလို့ပဲ ပြောချင်တယ်။ ပညာရေးဆိုတာက ရန်သူရယ်၊ မိတ်ဆွေရယ်မရှိပါဘူး။ ရန်သူလုပ်တဲ့ပညာရေးမို့ ငါတို့ဖျက်ဆီးပစ်ရမယ်၊ မိတ်ဆွေလုပ်တဲ့ပညာရေးမို့ ငါတို့ဝိုင်းကူညီရမယ်ဆိုတာ မဟုတ်ပါဘူး။ ပညာရေးဆိုတာက တော်လှန်ရေးအင်အားစုတွေကပဲ လုပ်လုပ်၊ စစ်ကောင်စီကပဲလုပ်လုပ် ဘယ်ဖက်က လုပ်လုပ်ပေါ့နော် ပညာရေးနဲ့သက်ဆိုင်ပြီး ပညာရေးဆိုင်ရာအဆောက်အဦးတွေ၊ လုပ်ဆောင်နေသူတွေကို အန္တရာယ်မပေးရဘူးပေါ့နော်။ ဒါပေမယ့်စစ်ကောင်စီကတော့ တစ်ဖက်မှာတော့ ဘက်စုံပညာရေးပြောနေပေမယ့် ပညာရေးလုပ်နေတဲ့ (CDM) ဆရာ၊ ဆရာမတွေ၊ ဖမ်းဆီးထောင်ချတာတွေ လုပ်နေတယ်။ တစ်ဖက်မှာလည်း တိုင်းရင်း သားဒေသမှာပညာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တယ်။ အပြောနဲ့လက် တွေ့နဲ့က ဘာမှမဆိုင်ဘူး။ လူကြားကောင်းအောင်လျှောက်ပြီးတော့ ပြောနေတာ” လို့ ဆိုပါ တယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ သူတို့ကိုလက်မခံဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM ကျောင်းဆရာ၊ဆရာမတွေအပြင် ပညာရေး ဝန်ထမ်းတွေကို နည်းမျိုးစုံသုံးပြီး ဖိနှိပ်နေသလို ပုဂ္ဂလိကပညာရေး နယ်ပယ်မှာပါလည်း စာသင်ကြားလို့ မရအောင် ကန့်သတ်တာတွေ လုပ်ဆောင်နေတာပါ။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ (MSME)လုပ်ငန်းတွေမှာ ရေရှည်အာမခံချက်ရှိတဲ့ နိုင်ငံတော်ရဲ့ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် ရည်ရွယ်တယ်ဆိုပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၅၁)ကျောင်းကို ခရိုင်(၅၀)မှာ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
ဖွင့်လှစ်သွားမယ့် ကျောင်းတွေမှာတော့ (KG+9) အလယ်တန်း ပညာရေးပြီးဆုံးတဲ့ အောင်မြင်သူတွေအနေနဲ့ တက်ရောက်နိုင်မှာဖြစ်သလို အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် Grade 10၊ Grade 11၊ Grade 12 အတန်းတွေမှာ သင်ယူလေ့ကျင့်နိုင်မယ်လို့ ပြောပါတယ်။
CDM ကျောင်းဆရာတစ်ဦးကတော့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ပညာရေးဟာ ကလေးတွေကို ဒီအတတ် ပညာသင်ပြီး ဒီဟာလုပ်စားရမယ်ဆိုတဲ့ ပုံစံမျိုးသွတ်သွင်းနေပြီး ကလေးတွေရဲ့ တွေးခေါ်နိုင်စွမ်းကို ကန့်သတ်တာဖြစ်သလို ဒီလိုမျိုးကန့်သတ်တာဟာ ပညာရေးပျက်စီးရေးကို ဦးတည်နေတယ်လို့ ဝေဖန်ပါတယ်။
“ပညာရေးကို သူတို့ဘာထင်နေလဲတော့ ကျွန်တော်တို့ ပြောမတက်ဘူး။ တကယ်တော့ ပညာဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ရင် ပညာဆိုတာ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို သိအောင်သင်ရတာက ပညာ။ ကျန်တဲ့ဒီအလုပ်အကိုင် အခွင့်အရေးတွေက နောက်ကိစ္စ။ အခုကကျတော့ သူတို့ကတွေးခေါ် နိုင်စွမ်းမှာတောင်မှ ကန့်သတ်ချင်တာ ကလေးကို။ ခုဏကပြောသလို ဒီပညာသင်တယ်၊ ဒီစာသင်တယ်၊ ဒီအတတ်ပညာရတယ်။ အဲဒီအတက်ပညာနဲ့ ဒီအလုပ်လုပ်စားလို့ ရတယ်ဆိုတဲ့အတွေးဘဲ သင်တတ်အောင်သင် ဆိုတာမျိုး ပေါ်တင်ကိုရေးလာတာ တော်တော်အံ့ဩဖို့ကောင်းတယ်။ ကျန်တာတွေဘာမှမသင်နဲ့။ ဒီကလေးဟာ ဒီဟာလုပ်စားရမယ်။ ဒီဟာလုပ်စားဖို့ ဒါသင်ရမယ်ဆိုတာမျိုးနဲ့ အမှန်အတိုင်းပြောရင်ဗျာ တော်တော်ရယ်စရာ ကောင်းတယ်ဗျာ။ အခြေခံပညာဆိုတာ အလုပ်လုပ်ကိုင် စားသောက်ဖို့ဆိုတာကို သိပ်စဉ်းစားတာ မဟုတ်ဘူး။ ကျွန်တော်တို့ တက္ကသိုလ်ပညာလို မဟုတ်ဘူး။ တက္ကသိုလ်ပညာတို့၊ အင်စတီကျူရှင်းတို့၊သက် မွေးတို့ကတစ်မျိုး သဘောက။ သူတို့ကအဲဒီလိုမျိုးကို ကန့်သတ်ပြီးတဲ့အခါကျတော့ ရေးလာပြီး၊ ပညာရေးပျက်စီးရေကိုပဲ ဦးတည်တယ်လို့ ပြောရမှာဘဲ”လို့ ဆိုပါတယ်။
ဒါ့အပြင် အခြေခံပညာသင်ကြားနေတဲ့ အချိန် (MSME)လုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိဖို့အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအကြောင်းအရာတွေ သင်ကြားရမှာဖြစ်တာကြောင့် ကလေးတွေရဲ့ ပ ညာရေးအပေါ် စိတ်ဝင်စားမှုနည်းလာနိုင်သလို သင်ယူမှုနဲ့ လေ့လာနိုင်စွမ်းတွေလည်း ကျဆင်းလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် စာသင်ကျောင်း ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးတဲ့အချိန်မှာပဲ ကလေးသူငယ်တွေကို သူတို့ စာသင်ကျောင်းတွေမှာ မဖြစ်မနေကျောင်းအပ်ကြဖို့နဲ့ NUG အွန်လိုင်းစာသင်ကျောင်းတွေမှာ ကျောင်းမအပ်ကြဖို့ ခြိမ်းခြောက်ထားပါတယ်။
စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ လာမယ့်ပညာသင်နှစ်အတွက် နိုင်ငံတဝန်းက စာသင်ကျောင်းတွေမှာ တက်ရောက်ဖို့ ကျောင်းသူ၊ ကျောင်းသား တစ်သန်းကျော် လာရောက် အပ်နှံထားတယ်လို့ မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI