စစ်တွေ၊ မေ(၂၆)
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံသီတင်းပတ်အတွက် ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်း တွေမှာ ကျောင်းအပ်နှံမှုတွေကို စတင်လက်ခံနေပြီဖြစ်ပေမယ့် မိုခါမုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာတော့ ကျောင်းအပ်လက်ခံပြီး ပညာသင်ကြားရေးတွေပြန်လည်စတင်ဖို့ အခက်အခဲ တွေများစွာရှိနေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ သံတွဲနဲ့တခြားမြို့တွေမှာတော့ ကျောင်းအပ်လက်ခံနေတာပဲ။ အဓိကကတော့ မုန်တိုင်းဝင်သွားတဲ့ မြောက် ပိုင်းမှာ ကျောင်းတွေဖွင့်ဖို့မပြောနဲ့ ဆရာမတွေတောင် ကျောင်းသွားဖို့ခက်နေတာ။ မြောက်ပိုင်းမှာ ဟိုးအတွင်း ပိုင်းကရွာတွေမှာဆိုရင်တော့ ဖွင့်ဖို့ကတော်တော်ခက်နေပါဦးမယ်။ မိုခါထိခဲ့တဲ့နေရာက ကျောင်းတွေတော့ ဘယ်သူမှလက်မခံနိုင်သေးဘူး။ မြို့ပေါ်ကျောင်းတွေလောက်ပဲ အရင်လက်ခံလို့ရမှာပေါ့။ ရွာကကျောင်းတွေ ကတော့ စာသင်ဖို့မလွယ်ဘူး။ ချောင်းတွေ ရေလျှံခဲ့တယ်။ နုန်းတွေတင်ကျန်ခဲ့တယ်။ အဲဒီနုန်းတွေ ဆေးချရ တာတွေ။ မိုးတွင်းမှာ ရေကြီးရေလျှံလို့ ကျောင်းတက်ဖို့မလွယ်တာတွေရှိနေဦးမှာ” လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်မှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းတွေမှာတော့ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း မြို့နယ်အ တွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်စတင် လက်ခံဆောင်ရွက်ပေးလျက် ရှိနေပြီလို့ ရခိုင်ပြည်နယ်အစိုးရက မေလ (၂၃)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်မြောက်ပိုင်း စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူစတဲ့မြို့နယ်တွေအပါအဝင် ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ မိုခါမုန်တိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး စာသင်ကျောင်းအများစု ပျက်ဆီးခဲ့ရတာပါ။
အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေကို မေလ( ၂၃) ရက်နေ့က စတင် လက်ခံနေပြီဖြစ်ပြီး မေလ(၂၅)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃) သိန်းကျော် (၁၃၄၃၀၃၇)ဦး လာရောက် ကျောင်းအပ်နှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်မှုအရ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ကျောင်းအပ်လက်ခံသီတင်းပတ်ကို မေလ( ၂၃)ရက်နေ့ကနေ မေလ( ၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး အခုပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နဲ့ မူလတန်းအဆင့် ကျောင်းတွေကို ဇွန်လ( ၁) ရက်နေ့မှာ စတင် ဖွင့်လှစ်ပြီး စာရေးကိရိယာတွေနဲ့ ကျောင်းသုံးစာအုပ်တွေကို ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့ပေးမယ်လို့ စစ်ကောင်စီလက် အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MOI