ဘီးလင်း၊ မေ(၂၆)
မွန်ပြည်နယ်ဘီးလင်းနဲ့ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးတာတွေ ထပ်မံလုပ်ဆောင်နေပြီး တစ်ပတ်အတွင်း ဖျက်ဆီးခံရတဲ့လမ်း ၆ လမ်းအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုတစ်ပတ်အတွင်း ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက အများပြည်သူသုံး ကျေးရွာချင်းဆက်လမ်းပိုင်းတွေကို ဘတ်ဟိုးနဲ့ထိုးပြီးဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
အဲဒီထဲမှာတော့ မေ ၁၉ ရက်နေ့မှာ ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာ ခရိုင်ချင်းဆက်လမ်းနဲ့ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်း-ဆောင်နိုင်ကြီးကျေးရွာသွားလမ်း၊ မေ ၂၀ ရက်နေ့မှာ ဝင်းကလော့ကျေး ရွာချင်းဆက်လမ်းပိုင်းတွေကို ဖျက်ဆီးခဲ့တာပါ။
ဒါ့အပြင် မေ ၂၁ ရက်နေ့မှာတော့ ကျိုက်ထိုမြို့နယ် မဲရုံးလေးကျေးရွာချင်းဆက်လမ်း၊ မေ ၂၂ ရက်နေ့မှာ ပျဉ်းကတိုး-မရမ်းချောင်ကျေးရွာလမ်း၊ မေ ၂၄ ရက်နေ့မှာ လှည်းလမ်းကူးကျေးရွာချင်းဆက်လမ်းပိုင်းတွေကို ဘတ်ဟိုးနဲ့ထိုးပြီး ဖျက်ဆီးခဲ့တာပါ။
စစ်ကောင်စီတပ်က အများပြည်သူသုံးလမ်းပိုင်းတွေကို ဖျက်ဆီးနေတာဟာ ပြည်သူတွေကို ထိခိုက်နစ်နာစေမယ့် ဖြတ်လေးဖြတ် လုပ်ဆောင်တာဖြစ်ပြီး သူတို့ကို လာတိုက်မှာစိုးရိမ်တာကြောင့် ခံစစ်အတွက်ပြင်ဆင်တာလို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က အများပြည်သူသုံးလမ်းပိုင်းတွေကို ဘတ်ဟိုးနဲ့ထိုးပြီး ဖျက်ဆီးထားတာကြောင့် ကား၊ ဆိုင်ကယ်၊ စက်ဘီးကအစ သွားလို့မရတော့တဲ့အတွက် စီးပွားရေး၊ ကျန်းမာရေးနဲ့ မိသားစုစားဝတ်နေရေးအတွက်အခက်အခဲမျိုးစုံ ရင်ဆိုင်လာရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အများပြည်သူသုံးလမ်းပိုင်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူတွေ အခက်ကြုံနေရတာပါ။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကလည်း KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေက ကော့ကရိတ်-ကြာအင်းဆိပ်ကြီးမြို့ချင်းဆက်လမ်း တောင်ကြာအင်းကျေးရွာအဝင်လမ်း၊ ကော့ကရိတ်-ကျိုက်ဒုံလမ်း၊ ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာလမ်းတွေကို ဘတ်ဟိုးနဲ့ထိုးပြီး ဖျက် ဆီးတာတွေ လုပ်ဆောင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ