ပုလော၊ မေ(၂၆)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
မေ ၂၄ ရက်နေ့က မကျည်းကုန်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ် ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း ခရီးသည်ကားနဲ့ လိုက်ပါလာတဲ့ တနင်္သာရီမြို့နယ်နေသူ အသက် ၂၆ နှစ်အရွယ် မမြတ်မိုးလတ်နဲ့ ဆိုင်ကယ်လာတဲ့ ပုလောဒေသခံ အမျိုးသားတစ်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
ကျည်ထိမှန်သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေကို ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက နေထိုင်ရာကျေးရွာတွေကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပလမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးနဲ့ အဆက်မ ပြတ်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် မင်းထိန်ကျေး ရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ဒေသခံတစ်ဦးရဲ့ဆိုင်ကယ်တစ်စီး ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မြိတ်-ပုလော ပြည်ထောင်လမ်းမကြီးမှာ နှစ်ဖက်စစ်ရေးအခြေအနေ ဆက် လက်တင်းမာနေပြီး ခရီးသွားကားတွေလည်း မရှိသလောက် နည်းပါးသွားပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေခပ်စိပ်စိတ်ဖြစ်ပွားနေသလို နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ