စေတုတ္တရာ – မေ(၂၆)

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်တာ၊ဒေသခံတွေကို ရိုက်နှက်နှိပ်စက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေ ကသံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၃) ရက်နေ့ကစပြီး စလင်း-စေတုတ္တရာလမ်းပိုင်းနဲ့ မုန်းချောင်းတလျှောက်မှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေဝင်ရောက်ပြီး အခုလိုလုပ်ဆောင်နေတာပါ။

“တစ်ရွာလုံးကို ဖမ်းတယ်။နေပူလှန်းတယ် မီးစနဲ့ထိုးတယ်။ နှစ်နှစ်သုံးနှစ်ကလေးငယ်တွေကအစ တစ်ရွာလုံးကို ရိုက်နှက်တယ်။ လူငယ်နှစ်ဦးကိုလည်း ဖမ်းသွားတယ်။ အိမ်တွေကိုလည်း ထိုးဖောက်ဝင်ရောက်ပြီး ရွှေငွေနဲ့ ဆန်၊ဆီတွေ တန်ဖိုးရှိပစ္စည်းနဲ့ ဖုန်းတွေသိမ်းသွားတယ်။” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကျေးရွာတွေမှာ PDF တပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ တပ်မ-၈၈ လက်အောက်ခံ တပ်တွေနဲ့ ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်က ဗိုလ်ကြီးမင်းပိုင်စိုး ဦးဆောင်တဲ့ အင်အား (၁၀၀) ကျော်ပါ တပ်တွေ က ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စလင်းမြို့နယ်နဲ့ စေတုတ္တရာ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ ကို စစ်ကြောင်းထိုးနေတဲ့အတွက် မေလ(၂၃) ရက်နေ့က မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်းနဲ့ စလင်း ပ.က.ဖ ပူးပေါင်းတပ် ကတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါ့အပြင် မေလ(၂၃) ရက်နေ့ တစ်ရက်တည်းမှာပဲ စေတုတ္တရာမြို့နယ်က နေရာသုံးနေရာလောက် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိတာတွေများတယ်လို့ နီးစပ်သူ တွေက ပြောတာတွေရှိပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.