တိုကျို၊ မေ(၂၆)
ဂျပန်နိုင်ငံဟာ ယူကရိန်းနိုင်ငံကို စစ်သုံးယာဉ်အစီးရေ (၁၀၀)ခန့်လှူဒါန်းမယ့် အထိမ်းအမှတ်အခမ်းအနားကို မေလ(၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အရင်ကယူကရိန်းကို ကူညီရာမှာ စစ်သုံးဦးထုပ်တွေနဲ့ ဟာ့ဇ်မက် ကာကွယ်ရေးဝတ်စုံတွေကိုသာ ထောက်ပံ့ ကူညီပေးခဲ့ရာမှ အခုချိန်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ စစ်ဘက်ဆိုင်ရာသုံးပစ္စည်းတွေကို ပေးအပ်ဖို့ ဂျပန်က ကြိုးစားလာတာ ဖြစ်ပါတယ်။
တန်ချိန်ဝက်တရပ်ကားနှစ်စီးကို ခင်းကျင်းပြသထားတဲ့ အဲဒီအခမ်းအနားမှာ ဂျပန်ဒုကာကွယ်ရေးဝန်ကြီး တိုရှီရို အီနိုက လှူဒါန်းမှုမှာပါဝင်တဲ့မော်တော်ယာဉ်သုံးမျိုးစာရင်းကို ယူကရိန်းသံအမတ်ကြီး ဆာဂီခေါ်စွန်စကီထံ မှတ် တမ်းတစ်စောင် ပေးအပ်ခဲ့တာပါ။
“ကျူးကျော်ခံရမှုတွေ အမြန်ဆုံးအဆုံးသတ်ပြီး ငြိမ်းချမ်းတဲ့နေ့စဉ်ဘဝတွေကိုပြန်လည်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမှာပါ” လို့ ဒုဝန်ကြီးအီနိုက ဆိုပါတယ်။
ဂျပန်အစိုးအနေနဲ့ စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းရေးမူဝါဒကို ဖြေလျှော့ဖို့နဲ့ သူ့ရဲ့စစ်တပ်ကို ဒုတိယကမ္ဘာ စစ်နောက်ပိုင်းကြီးမားတဲ့ ထိုးစစ်ဆင်မှုအခန်းကဏ္ဍကို ခွင့်ပြုပေးတဲ့အနေဖြင့် လှူဒါန်းမှုထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
တခြားနိုင်ငံတွေက ယူကရိန်းကို တင့်ကားတွေ၊ ဒုံးကျည်တွေနဲ့ တိုက်လေယာဉ်တွေ ထောက်ပံ့ပေးထားပေမယ့် ဂျပန်က စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို သေစေလောက်တဲ့ လက်နက်တွေ လွှဲပြောင်းပေးအပ်တာကို တားမြစ်ထား တာကြောင့် ဂျပန်ကလူ့အသက်မသေစေနိုင်တဲ့ ပစ္စည်းတွေကို လှူဒါန်းမှုမှာ ကန့်သတ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ ယူကရိန်းကို ကျည်ကာအင်္ကျီတွေ၊ ဦးထုပ်တွေ၊ ဓာတ်ငွေ့မျက်နှာဖုံးတွေ၊ ဟာ့ဇ်မက်ကာကွယ် ရေးဝတ်စုံတွေ၊ မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ ရိက္ခာရိက္ခာတွေ ထောက်ပံ့ပေးထားပြီး အဲဒီထောက်ပံ့မှုတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ပေးနေခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ယူကရိန်းသမ္မတ ဗလော်ဒီမာဇယ်လန်းစကီးကို ဟီရိုရှီးမားမှာပြုလုပ်တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံစဉ် ထရပ်ကားတွေပေးဖို့ ကတိပြုခဲ့ပြီး ဒဏ်ရာရယူကရိန်းစစ်သားတွေကို ဂျပန်စစ်ဆေးရုံမှာ ကုသပေးဖို့လည်း ကမ်းလှမ်းထားခဲ့ပါတယ်။
အဲဒီယာဉ်တွေမှာ တန်ချိန်ဝက်ထရပ်ကားတွေ၊ ရွေ့လျားသွားလာနိုင်တဲ့ အဆင့်မြင့်မားသောယာဉ်တွေနဲ့ ပစ္စည်းများ၊ ထိန်းချုပ်ကွပ်ကဲရေးယာဉ်တွေပါဝင်ကြောင်း အစိုးရက ပြောခဲ့ပါတယ်။
မော်တော်ယာဉ်အရေအတွက် အတိအကျ၊ တင်ပို့မယ့်အချိန်အပါအဝင် အသေးစိတ်အချက်အလက်တွေကို အပြီးသတ်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဝယ်ယူစုဆောင်းရေး၊ နည်းပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီက ပြောခဲ့ပါတယ်။
တိုကျိုသည် ကျူးကျော်မှုနဲ့ပတ်သက်ပြီး ရုရှားအား ပိတ်ဆို့အရေးယူရာမှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပ နိုင်ငံတွေနဲ့အတူ ပူးပေါင်းကာ ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်စစ်တပ်ကလည်း အခိုင်အမာ ကြီးထွားလာပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နဲ့တင်းမာမှုတွေ တိုးမြင့်လာ နေကာ အရှေ့အာရှစစ်ပွဲရဲ့ သက်ရောက်မှုကို စိုးရိမ်တာကြောင့် ဂျပန်က အလျင်အမြန်တုံ့ပြန်ခဲ့တာလို့ ဆိုပါ တယ်။
ဂျပန်က ယူကရိန်းကို ဒေါ်လာ (၇) ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အိုးမဲ့အိမ်မဲ့ ယူကရိန်းနိုင်ငံ သား ၂၀၀၀ ကျော်ကိုလည်း လက်ခံခဲ့ပြီး အိမ်ရာ၊ အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေပေးခဲ့ပါ တယ်။
ဒီလို ယူကရိန်းနိုင်ငံသားတွေကို လက်ခံခဲ့တာဟာ ဂျပန်လို တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကြောင့် လူသိများသော နိုင်ငံတစ်ခုမှာ ရှားရှားပါးပါး အရွေ့တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: CNA