ကျိုက်ထို၊ မေ(၂၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာမှာ မေ ၂၅ ရက်နေ့ မနက်ပိုင်းက မိုးကြိုးထိမှန်တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၇ နာရီအချိန်မှာ သရက်ကုန်းကျေးရွာ၊ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံအတွင်းနေထိုင်တဲ့ ကိုနိုင်လင်းတို့လင်မယား ၂ ဦးမှာ ခြံအတွင်းရှိ တဲအိမ်ထဲရှိနေစဉ် မိုးကြိုးထိခဲ့တာပါ။

မိုးကြိုးထိမှန်ခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူကိုနိုင်လင်းဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့သလို ဇနီးဖြစ်သူက မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။မိုးကြိုးစက်ကွင်းထိမှန်ခဲ့တဲ့ ဇနီးဖြစ်သူကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလပထမအပတ်တုန်းကလည်း မွန်ပြည်နယ်သထုံမြို့ နန်းခဲကွက်သစ်အောက်ပိုင်း ရထားလမ်းအနီးမှာ အမျိုးသားတစ်ဦး လယ်ကွင်းထဲရှိနေချိန် မိုးကြိုးထိမှန်ပြီး သေဆုံးထားပါတယ်။

မိုးဇလကတော့ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလတွေအတွင်း မိုးတိမ်တောင်တွေဟာ မွန်းလွဲနဲ့ညနေပိုင်းတို့မှာ ဖြစ်ပေါ်တတ်ပြီး မိုးတိမ်တောင်တွေ အားကောင်းလာပါက မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပွားနိုင်တဲ့အတွက် မိုးကြိုးပစ်ခံရ မှုအန္တရာယ်ကို သတိပြုနေထိုင်နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.