ဖာပွန်၊ မေ(၂၅)
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အုပ်ချုပ်နယ်မြေအတွင်း ဒေသခံပြည်သူလူထုတွေအပေါ် ဆက်ကြေးကောက်ခံနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF စခန်းတစ်ခု တိုက်ခိုက်ခံရပြီး တပ် ခွဲမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။
ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ကတဲတိနဲ့ ထီးကဆောမဲဒေသကြားမှာစခန်းချပြီး ဆက်ကြေးတောင်းယူနေတဲ့ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်(၅) တပ်မဟာလက်အောက်ရှိ တပ်ရင်း(၁၀၂)နဲ့ တပ်ခွဲ တွေစုပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ BGF ဘက်က တပ်ခွဲမှူး ၁ ဦး အပါအဝင် (၅)ဦးသေဆုံးခဲ့ပြီး BGF ပိုင်ဆိုင်တဲ့ ကား(၁)စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ(၅)ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မေ ၁၉ ရက်နေ့ မနက်(၁၀)နာရီ မိနစ်(၄၀)အချိန်ကလည်း ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ဖိုဃဲထာကျေးရွာထဲကို BGF တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက်(၂၁)နှစ်အရွယ် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်(၂)လုံးကိုလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU ဖာပွန်ခရိုင်အုပ်ချုပ်ရေးဒေသထဲမှာ လာရောက်လှုပ်ရှားစခန်းချထားတဲ့ BGF တပ်နဲ့ စစ်ကောင်စီတပ်တို့ဟာ ခရိုင်အတွင်းရှိ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နေ့စဉ်နဲ့အမျှ ခိုးယူလုယက် စားသောက်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်လျက်ရှိနေတယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။
KNU ဖာပွန်ခရိုင်ထဲမှာ KNLA အမှတ်(၅) တပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မေလ(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အတွင်း တိုက်ပွဲပေါင်း(၆၃)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူးနဲ့ ဒုတပ်ခွဲမှူး အပါအဝင် (၂၆)ဦး သေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA တပ်မဟာ(၅) ဘက်ကလည်း (၂)ဦးကျဆုံးကာ (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU