ပုလော၊ မေ(၂၅)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာအနီးမှာ မေ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၆ နာရီလောက်မှာ ပလောက်မြို့၊ တန်းမြင့်စစ်အခြေခံလေကျင့်ရေးကျောင်းကနေ အင် အား ၅၀ ကျော်လောက်နဲ့ထွက်လာတဲ့ စစ်ကားကြီး ၂ စီးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။

မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူကတော့ ဒီမိုင်းဆွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပုလောဘက်သွားမယ်လို့ သတင်းအရ ကြိုတင်သိရှိခဲ့တဲ့အတွက် လက်ဦးမှုရယူပြိး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီယာဉ်တန်းဘက်ကနေ ဒေသကာကွယ်ရေးအဖွဲ့တွေ ရှိမယ်ထင်တဲ့ နေရာတွေကို ၄၀ မမ အပါအဝင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်မှုတွေလုပ်ခဲ့ပေမယ့် အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ပုလောမြို့နယ် ထမင်းမစားကျေးရွာနဲ့နန်းပရုပ်ကျေးရွာကြားမှာ စစ်ကောင်စီကားမိုင်းထိပြီး အရာရှိ ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.