ဒီးမော့ဆို – မေ(၂၅)
ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ (၁၀) ရက်တာ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် (၄၀) နီးပါးသေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်ကတော့ (၈) ဦးကျဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစပြီး စစ်ကောင်စီက တနီးလာလဲ ကျေးရွာတောင်ပေါ်ကနေ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။
ကယားပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခ.မ.ရ(၄၂၅)၊ ခ.မ.ရ(၂၈၇) တပ်ရင်းတွေက ဒေါလျားခူတောင်ပေါ်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီတပ်မတော် (KA)၊KNDF စစ်ဗျူဟာအမှတ်(၆)၊KNDF စစ်ဗျူဟာ အမှတ်(၄)၊KNDF-ETD၊KNDF – UAV နဲ့ Loikaw PDF တို့ကပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃) ရက်နေ့အထိ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီက အထိနာလာတာကြောင့် တနီးလာလဲကျေးရွာ အရှေ့ဘက် တောင်ကြောပေါ်ကို တဖြည်းဖြည်းဆုတ်ခွာခဲ့ပေမယ့် KNDF ပူးပေါင်းတပ်တွေက လိုက်လံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား(၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေများခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ယာယီတပ်ရင်းမှူးတစ်ဦးတို့ တိုက်ပွဲမှာ ထိခိုက်ဒဏ် ရာ ရပြီးပြန်လည်ဆုတ်ခွာခဲ့ပေမယ့် လက်အောက်ငယ်သားတွေကိုတော့ ပြန်လည်ဆုတ်ခွာခွင့်မပေးဘဲ ရှေ့ကိုသာအတင်းဆက်တက်ဖို့ ဖိအားပေးတာတွေရှိခဲ့တယ်လို့ KNDF က ပြောထားပါတယ်။
စစ်ကောင်စီရဲ့ လွိုင်ကော်၊ငွေတောင်နဲ့ ဖရူဆို အခြေစိုက်တပ်တွေက နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့သလို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၆၀) ထက်မနည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က KNDF/B01မှရဲဘော်(၁)၊KNDF/B07 မှ ရဲဘော်(၂)ဦး၊KNDF/B09 မှ ရဲဘော်(၃)ဦး၊KNDF/B10 မှ ရဲဘော်(၁)ဦး နဲ့ ကရင်နီတပ်မတော် (KA) ရဲဘော်(၁)ဦး စုစုပေါင်း(၈)ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများခဲ့တဲ့အပြင် လက်နက်ခဲမ်းတွေဖြစ်တဲ့ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁)လက်၊ RPG (၂)လက် နဲ့ ခဲယမ်း မီးကျောက်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သား (၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNDF