ကော့ကရိတ်၊ မေ(၂၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ပနွယ်ဖိုးကလိုးကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

မေလ(၂၃)ရက်နေ့ ည(၁၁)နာရီခွဲအချိန်က တပ်မဟာ(၆) KNLA တပ်ရင်း(၂၀၁)နယ်မြေ မောခီးကျေးရွာအုပ်စု၊ ခလယ်လောကျယ်(ပနွယ်ဖိုးကလိုး)ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ နေပြည်တော်လေတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး(၂)လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က ပနွယ်ဖိုးကလိုးကျေးရွာထဲရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအပေါ်တည့်တည့်ကို ပေါင်(၅၀၀) ဗုံး(၂)လုံးနဲ့ ကြဲချသွားခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အဦးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မေလ(၂၃)ရက်နေ့ မနက်ပိုင်းအချိန်က မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မောခီးတပ်စခန်းကို တော် လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီတွေဘက်က ပြောဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ပြောခွင့်ရသူ စောလေးကပေါ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေလ(၂၄)ရက်နေ့မှာလည်း KNU တပ်မဟာ(၆)နယ်မြေအတွင်းကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေက အကြိမ်ကြိမ်လာရောက်ပျံသန်းနေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဧပြီလ(၁)လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု(၃၁)ကြိမ် ပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း(၂)ကျောင်း အပါအဝင် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်ကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦးပေါင်း (၄၀၀) ကျော် ပျက်စီးသွားခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.