မုန်း၊ မေ(၂၄)
ကရင်အမျိုးသားအစည်းအရုံး KNU မုန်းမြို့နယ်ထဲမှာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီ တပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် (၂)ပတ်တာအတွင်း ကျေးရွာ(၁၈)ရွာက စစ်ဘေးရှောင်ဦးရေ(၂၀၀၀၀)ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ KNU -ဗဟိုက မေ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးဝင်ရောက်လာနေတဲ့ စစ် ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်ပြီး ကျေးရွာတွေထဲကို လက်နက်ကြီး တွေနဲ့ပစ်ခတ်တာ၊ အရပ်သားပြည်သူအပေါ် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာ၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးပြုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၁)ရက်နေ့ နေ့လည်(၁)နာရီအချိန်က စစ်ကောင်စီတပ်ဟာ မုန်းမြို့နယ်၊ နောင်ကုန်းကျေးရွာ ထဲကို ဒရုန်းနဲ့ (၁)ကြိမ်၊ မွန်းလွဲ(၂)နာရီအချိန်ခန့်မှာ (၁)ကြိမ် စုစုပေါင်း(၂)ကြိမ် တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း (၁)ကျောင်းအပါအဝင် လူနေအိမ်(၂)လုံးနဲ့ ထင်းတဲ(၁)လုံး ပျက်စီးသွားခဲ့ပြီး လူဦးရေ(၇၈၂)ဦးရှိတဲ့ နောင်ကုန်း ကျေးရွာက ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
KNU မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကျေးရွာပြည်သူလူထုတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ မေလ(၁၀) ရက်နေ့ကစပြီး မုန်းမြို့နယ်အတွင်းရှိ ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ ဝေစု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနဲ့ တပ်ကုန်းစတဲ့ ကျေးရွာပေါင်း(၁၈)ရွာက ပြည်သူလူထုစုစုပေါင်း ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရလျက်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာအတွင်း စစ်ကြောင်း ထိုးဝင်ရောက်ပြီး ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်တဲ့အတွက် KNU မုန်းမြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူလူထုတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။
KNU နယ်မြေအတွင်းမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ လက်ရှိအချိန်အထိ (၅၀၀,၀၀၀)ကျော် ရှိနေပြီး အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်လျက် ရှိနေတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU