ရန်ကုန်၊ မေ(၂၄)

နိုင်ငံတဝန်းကမြို့ပြတွေမှာ လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေဟာ နွေဦးတော် လှန်ရေးကာလ ၂ နှစ်အတွင်း ဖမ်းဆီးခံတာအပြင် အကူအညီရရှိမှု နည်းပါးလာတာကြောင့် ရပ်တည်ဖို့ ပိုမိုခက်ခဲလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထောက်ပံ့မှုမရတာကြောင့် အချိန်မှီ မပြောင်းရွှေ့နိုင်လို့ ဖမ်းဆီးခံခဲ့ရတဲ့ အဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေမလုပ်နိုင်တာကြောင့် ဖျက်သိမ်းလိုက်ရတဲ့ အဖွဲ့တွေလည်း ရှိလာခဲ့တာပါ။

တဖက်မှာတော့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ ရှာဖွေဖမ်းဆီးမှုတွေကြောင့် မြို့ ပြကိုစွန့်ပြီး တိုင်းရင်းသားတော်လှန်ရေးနယ်မြေတွေထဲကို ပြန်လည်ဝင်ရောက်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။

မြို့ပြပြောက်ကျားအဖွဲ့ တစ်ခုရဲ့ တာဝန်ခံရိန်းဘိုးကတော့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံတဲ့နေရာထိုင်ခင်းရရှိဖို့နဲ့ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ရေးဟာ လက်ရှိအချိန်အထိ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်မတို့မြို့ပြ UG ဟာ လူတိုးလာတယ်ဆိုတာမရှိဘူး။ လူတိုးလာတယ်ဆိုတာမရှိတဲ့အနေအထားမှာ လူတွေက နေ့တိုင်းအဖမ်းခံနေရတယ်။ တစ်ယောက်အဖမ်းခံရရင်ဆက်စပ်တွေက တောက်လျောက်ပါတယ်။ ဘာကြောင့်ပါသလဲ။ ဘာလို့မရှောင်တိမ်းနိုင်ရတာလဲဆိုရင် ကျွန်မတို့ခုနကပြောသလိုငွေကြေးပေါ့။ နေရာတကာ ဘယ်သွားသွားပိုက်ဆံကလိုတယ်။ ငွေကြေးကလိုတယ်။ ငွေကမရှိတော့ သူတို့မရှောင်နိုင်မတိမ်းနိုင်ဘူး။ အချို့ကျတော့လဲ လုံခြုံရေးကမကောင်းတော့ဘူး။ မကောင်းတော့ ရန်ကုန်ကိုစွန့်ခွာပြီး ထွက်သွားကြတယ်ပေါ့နော်။ အဲဒီအခါကျတော့ ရန်ကုန်မှာUGက တိုးမလာဘဲနဲ့ လျော့လျော့သွားတာပေါ့နော်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၀) ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူကို ပစ်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ YRF အဖွဲ့ဝင် (၁၀) ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းကလည်း ဒလမြို့နယ်အခြေစိုက် မြို့ပြကာကွယ်ရေးတပ် ဖွဲ့ဝင် (၂၁) ဦးနဲ့ အင်းလျားမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(၁၀) ဦးအထိ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

လုံခြုံရေးတင်းကြပ်လာတဲ့ ရန်ကုန်မြို့ပေါ်မှာလှုပ်ရှားဖို့နဲ့ ရပ်တည်ဖို့ခက်ခဲလာပေမယ့် မြို့ပြ ပြောက် ကျားတပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့ပြတော်လှန်ရေးကို အရှိန်အဟုန်နဲ့ ဆက်လုပ်နေသင့်တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေး သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးကြိုးက တိုက်တွန်းတာပါ။

တဖက်မှာလည်း ရန်ကုန်မြို့က UG တွေကိုဖမ်းဆီးဖို့ စစ်ကောင်စီက စီမံချက်ချထားတယ်ဆိုတဲ့ သတင်းတွေလည်း အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာပါသေးတယ်။

အဲဒီစီမံချက်ကို အခုနှစ်ဇန်နဝါရီလ(၁၁) ရက်နေ့ကစပြီး စတင်ခဲ့ပြီး မေလကုန်အထိ အသွင်ယူစုံစမ်းတာ၊ ကင်းပုန်းချတာတွေလုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းတွေကလည်း ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကလည်း အဲဒီလိုပြင်ဆင်နေပေမယ့်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ လာမယ့်ကာလတွေအတွင်း စစ်ကောင်စီရဲ့ အရာရှိပိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

တော်လှန်ရေးကာလ(၂) နှစ်ကျော်ပြီးနောက် မြို့ပြမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတာ၊ အဖွဲ့ဖျက်သိမ်းခဲ့ရတာနဲ့ မြို့ပြကိုစွန့်ခွာသွားရတဲ့ ပြောက်ကျားရဲဘော် ရာဂဏန်းအထိ ရှိနေပြီဖြစ်တယ်လို့ UG အဖွဲ့အစည်းတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ မြန်မာနိုင်ငံတဝန်းက မြို့နယ်ပေါင်း (၂၅၀)မှာ မြို့ပြပြောက်ကျားအဖွဲ့(၄၀၀) ကျော် ဖွဲ့စည်းထားပြီး အများစုက NUG နဲ့ အချိတ်အဆက်ရှိပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-MM Nwes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.