မော်လမြိုင်၊ မေ(၂၄)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းဖို့ဆိုပြီး အကြောင်းပြချက်နဲ့ အလှူငွေတွေ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အလှူငွေကောက်ခံတဲ့နေရာမှာ ရပ်ကွက်အတွင်းရှိ စတိုးဆိုင်၊ အထည်ဆိုင်၊ ကုန်စုံဆိုင်အပါအဝင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်တွေကို အဓိကထားပြီး လိုက်လံကောက်ခံနေတာပါ။
အလှူငွေကောက်ခံတဲ့နေရာမှာလည်း ဆိုင်တစ်ဆိုင်ကို အနည်းဆုံးကျပ်တစ်သောင်း မဖြစ်မနေထည့်ဝင်ဖို့ တိုက်တွန်းထားပေမယ့် တကယ်လှူဒါန်းတဲ့ နေရာမှာတော့ စာရင်းဇယားနဲ့ ကောက်ခံတာမဟုတ်ဘဲ ဖြစ်သလိုကောက်ခံတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလှူငွေတွေကို ဖြစ်သလိုကောက်ခံတာကြောင့် လေဘေးသင့်ဒေသတွေကို တကယ်အလှူငွေတွေ ရောက်ရှိမလားဆိုတာကို မသိနိုင်သလို အလှူငွေတွေကို ဘယ်လိုသုံးစွဲသွားမယ်ဆိုတာကိုလည်း ပြောဆိုသွားတာမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်း အလှူငွေကောက်ခံနေသလို စစ်ကောင်စီခန့် ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာတွေကလည်း လုပ်ငန်းရှင်တွေဆီက အလှူငွေကောက်ခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီခန့် ဝန်ကြီးချုပ်ကတော့ မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသက ပြည်သူတွေကို လှူဒါန်းဖို့အတွက်ဆိုပြီး လုပ်ငန်းရှင်တွေဆီကနေ ကောက်ခံထားတဲ့ ပထမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်း အနားကို ပြီးခဲ့တဲ့ မေလ (၁၉)ရက်နေ့က ပြည်နယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးက လေဘေးသင့်ပြည်သူတွေအတွက် အလှူငွေကျပ်သိန်းပေါင်း (၄၃၀၀)ကျော် ရရှိခဲ့သလို ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်အပါအဝင် စားသောက်ကုန်နဲ့ ထောက်ပံ့ရေးပစ္စည်းတန်ဖိုး ကျပ်သိန်း (၅၀၀) ကျော်လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာနေထိုင်တဲ့ လူဦးရေ (၅)သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်ခဲ့တယ်လို့ (UNOCHA)က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ