စစ်တွေ၊ မေ(၂၄)
မြန်မာနိုင်ငံကို မိုခါမုန်တိုင်းဝင်ရောက်တိုက်ခိုက်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ မုန်တိုင်းဒဏ်သင့်ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ နေပြည်တော်ရှိ စစ်ကောင်စီနဲ့ ဆွေးနွေးနေဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအားလုံးအတွက် နှစ်ပတ်စာလူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ အသင့်ဖြစ်နေပြီး စစ်ကောင်စီနဲ့ ဆွေးနွေးချက်ပေါ် အခြေခံကာ ဖြန့်ဖြူးရေးအစီအစဉ် အသေးစိတ်ကို မကြာခင်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
စစ်တွေနဲ့ ရသေ့တောင်တို့ဟာ ရခိုင်ပြည်နယ်က အဆိုးရွားဆုံးမုန်တိုင်းဒဏ်သင့် ဒေသတွေဖြစ်တဲ့အတွက် အများပြည်သူ အခြေခံအဆောက်အအုံတွေ ပျက်စီးတာအပြင် ရေဖြန့်ဖြူးတဲ့စနစ် ပြတ်တောက်မှုတွေကြောင့် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ အခက်အခဲဖြစ်နေပြီး ကူးစက်ရောဂါ ဖြစ်ပွားစေနိုင်တယ်လို့ UNOCHA က မေ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်တွေမြို့နယ်အပါအဝင် တခြားသော မြို့နယ်အတော်များများမှာ မုန်တိုင်းဒီရေကြောင့် သောက်သုံးရေကန်တွေထဲ ဆားငံရေဝင်ရောက်လာနေတဲ့အတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ ရေတွေစုပ်ထုတ်နေရတယ်လို့ မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးကတော့ မြေပြင်မှာဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံထားရတဲ့အတွက် ဝမ်းရောဂါဖြေရှင်းဖို့ အခက်အခဲရှိနေသလို နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ကူညီခွင့်မပြုသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုဖြစ်နေတဲ့ အနေအထားမျိုးမှာက ကန်ထဲကရေကို မထုတ်နိုင်ဘူးဆိုရင် ဝမ်းရောဂါအရင်ဆုံးစဖြစ်မှာပဲ။ အဲဒီဝမ်းရောဂါကိုဖြေရှင်းဖို့ တော်တော်လေးအခက်အခဲဖြစ်တယ်။ ပထမတစ်ချက်က ဆေးဝါးသယ်ယူခွင့်မရဘူး၊ အကန့်အသတ်တွေ အများကြီးရှိတယ်။ နယ်လုံလက်မှတ်ပါမှဆိုတဲ့ပုံစံမျိုး။ နောက် UN အဖွဲ့အစည်းတွေဆိုရင်လည်း သူတို့ကြားထဲမှာ ဘယ်လိုရှိမယ်ဆိုတာ မသိဘူးဆိုပေမယ့် ကျွန်တော်တို့ ထင်သလောက် သူတို့လည်း ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေရှိမယ်လို့ ထင်ပါတယ်။သူတို့ ကြိုပြင်ပြီးပြင်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် အခုမုန်တိုင်းလွန်ပြီး တစ်ပတ်ကျော်လာတဲ့အထိ ခွင့်မပြုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဘက်က စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်တပ်ကားတစ်စီးနဲ့ ရေသယ်ယာဉ် ဘောက်ဆာတစ်စီးတို့ထားရှိပေးပြီး ရေသန့်ထုတ်ပေးနေတာရှိပေမယ့် စစ်တွေမြို့နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
မြေပြင်လိုအပ်ချက် အများကြီးထဲက သောက်သုံးရေသန့်ရရှိဖို့ အရေးတကြီးလိုအပ်နေပြီး စားနပ် ရိက္ခာ၊ အမိုးအကာနဲ့ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ရခိုင်ဒေသခံတချို့နဲ့ မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက သံလွင်တိုင်းမ်ကို တစ်ညီတစ်ညွတ်တည်း ပြောဆိုကြပါတယ်။
စစ်ကောင်စီဘက်က စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်တပ်ကားတစ်စီးနဲ့ ရေသယ်ယာဉ် ဘောက် ဆာတစ်စီးတို့ ထားရှိပေးပြီး ရေသန့်ထုတ်ပေးနေတာရှိပေမယ့် စစ်တွေမြို့နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
“ရေသန့်ကလည်း ဝယ်လို့မရတော့ဘူး။ မြို့ပေါ်မှာ တအားရှားသွားပြီ။ ပြီးရင် တချို့ရွာတွေမှာလုံးဝကို ကန်ကပျက်သွားတာကြောင့် သောက်ရေက လုံးဝအခက်အခဲဖြစ်နေတယ်။ တချို့ရွာတွေဆိုတ ခြားရွာမှာ သွားခပ်ရတဲ့အဆင့်တောင် ဖြစ်သွားပြီ” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရသေ့တောင်နဲ့ မောင်တောမြို့နယ်အတွင်းက အငူမော်-မောင်တောလမ်းတစ်လျှောက်ရှိ ကမ်းရိုးတန်း ကျေးရွာက တိရစ္ဆာန်တွေအများအပြား ဆိုးရွားစွာပျက်စီးဆုံးရှံးမှုတွေရှိခဲ့သလို မောင်တောမြို့နယ်တောင်ပိုင်းက ကျေးရွာငါးရွာရှိ စာသင်ကျောင်းတွေအပါအဝင် ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာလို့ UNOCHA က ဆိုပါတယ်။
ဒါ့အပြင်ရှိနှင့်ပြီးသား ခွင့်ပြုချက်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက စားနပ်ရိက္ခာနဲ့ အရေးကြီးတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ဦးစားပေးဖြန့်ဝေပေးထားပြီး အပိုထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ အကူအညီပေးခွင့် အတည်ပြုချက်ရရှိတာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မေ ၂၁ ရက်နေ့ ညနေပိုင်းအထိ စာရင်းတွေအရ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည် နယ်မှာနေထိုင်သူ ၁၄၈ ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပြီး အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) ကတော့ မေ ၁၇ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၄၀၀ ကျော်ရှိတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံက မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာ လူဦးရေ ၅ သန်းကျော်ဟာ ဆိုးရွားစွာ မုန်တိုင်းဒဏ်သင့်ခဲ့ရပြီး အဲဒီထဲက ၃ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ UNOCHA က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – UNOCHA