မိုးဗြဲ – မေ(၂၄)
ကယားပြည်နယ်၊ မိုးဗြဲမြို့အနီးက စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ PDF က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၃) ရက်နေ့ ည(၁၀) နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးဗြဲနဲ့ အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ (၂) ကြိမ်တိုင်လာရောက်ဗုံးကြဲခဲ့သလို အမြောက်တပ်က လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်စခန်းက နေအိမ်တချို့နဲ့ မိုးဗြဲမြို့ပေါ်က ပြည်သူပိုင်အိမ်တွေပျက်စီးတာတွေရှိခဲ့သလို စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး အဲဒီအမျိုးသမီးကို ဆေးရုံပို့ဆောင်ကုသပေးနေပေမယ့် အခြေအနေအသေးစိတ် ကိုတော့ မသိရသေးပါဘူး။
အခုလို ပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ ဒီးမော့ဆို အခြေစိုက် ငွေတောင် (၁၀၂) တပ်ရင်းက ဖြစ်တယ်လို့ ပြောဆိုတာတွေရှိပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီရန်ကြောင့် ပိုမိုဝေးလံတဲ့နေရာတွေကို ပြောင်းရွှေ့သွားရပြီဖြစ်တယ်လို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မိုးဗြဲမြို့နဲ့ နီးကပ်နေတဲ့ ရှမ်း-ကယားနယ်စပ်မှာတော့ ပြီးခဲ့တဲ့ (၃) လလောက်ကစပြီး စစ်ကောင်စီ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာပါ။
ဒါ့အပြင် မိုးဗြဲမြို့အနီးတဝိုက်ကို စစ်ကောင်စီရဲ့ တပ်မ-၆၆လက်အောက်ခံ ခလရ – ၁၀၊၁၂၊နဲ့ ၁၄ တိုးပူးပေါင်းစစ်ကြောင်းထိုးဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မိုးဗြဲမှာ ဒီနေ့ မေလ(၂၄) ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ကြား တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် နှစ်ဘက်လုံးက စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ မိုးဗြဲ PDF တာဝန်ခံက ပြောပါတယ်။
ကယားပြည်နယ်မှာ စစ်ကောင်စီက အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူ (၂) သိန်းကျော်ဟာ စစ်ကောင်စီလက်နက်ကြီးတွေ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေဖြစ်တဲ့ တောနက်ထဲကို တဖြည်းဖြည်းရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ(မိုးဗြဲမြို့တွင်းတနေရာ)