ကျိုက်ထို၊ မေ(၂၃)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေနဲ့ မွန်ပြည်နယ်ထဲက အများပြည်သူသုံး လမ်းပိုင်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းတွေအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင် ခြေက ကင်မွန်းချောင်ကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာချင်းဆက်လမ်း၊ ဝင်းကလောကျေးရွာအဝင်လမ်း၊ အင်္ဂဘိုလက်ပံပင်-မဲရုံးလေးကျေးရွာလမ်းတွေကို ဘက်ဟိုးတွေနဲ့ ထိုးပြီး လာရောက်ဖျက်ဆီးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကလည်း KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေက ကော့ကရိတ်-ကြာအင်းဆိပ်ကြီးမြို့ချင်းဆက်လမ်း တောင်ကြာအင်းကျေးရွာအဝင်လမ်း၊ ကော့ကရိတ်-ကျိုက်ဒုံလမ်း၊ ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာလမ်းတွေကို ဘက်ဟိုးတွေနဲ့တူးပြီး ဖျက်ဆီးခဲ့သလို သစ်ပင်တွေခုတ်လှဲ ပိတ်ဆို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က အများပြည်သူသုံး လမ်းပိုင်းတွေကို ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာဟာ ပြည် သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးတဲ့လုပ်ရပ်ဖြစ်တယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ဝေဖန်တာပါ။

“ကော့ကရိတ်ဘက်မှာရှိတဲ့ လမ်းပိုင်းတွေကိစ္စကတော့ အဓိကကျွန်တော်တို့နားလည်တာက ဒါကလူထု အများပြည်သူတွေ အသုံးပြုတဲ့လမ်းတခုဖြစ်တယ်။ အဲ့ဒါကြောင့် အဲဒီလိုအများပြည်သူအသုံးပြုတဲ့လမ်းကြီးကို လုံး၀အသုံးပြုလို့မရတော့အောင် သူတို့ကလုပ်တယ်ဆိုတော့ ဒါကလူထုကို အဓိကထားပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လူထုကို ဒုက္ခပေးတဲ့လုပ်ရပ်ဖြစ်တယ် ကျွန်တော်တို့က အဲဒီလိုပဲမြင်တယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အများပြည်သူသုံးလမ်းပိုင်း ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူလူထုတွေဟာ ခရီးသွားလာရေး၊ စားဝတ်နေရေးဆိုင်ရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရတဲ့အပြင် အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် ဆေးရုံဆေးခန်းတွေကို သွားလာဖို့ အခက်အခဲတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီတပ်က အများပြည်သူသုံး လမ်းပိုင်းတွေကို ဖျက်ဆီးနေတာဟာ ပြည်သူတွေအပေါ် ထိခိုက်နစ်နာစေချင်တဲ့ ဖြတ်လေးဖြတ်လုပ်ဆောင်တာဖြစ်သလို သူတို့ဘက်က ခံစစ်အတွက်ပြင်ဆင်တာလို့ ပြောပါတယ်။

“သူတို့ခံစစ်လုပ်မယ်၊ ဖြတ်လေးဖြတ်လုပ်မှာပေါ့။ သူတို့ဒီဘက်မှာရှိတဲ့ရွာတွေကို သူတို့ ရိက္ခာဖြတ်မယ့်သဘောပေါ့နော်။ သူတို့လုပ်တဲ့ဟာတွေက ပြည်သူတွေပဲ ထိခိုက်တာလေ။ ကျန်တာဘယ်သူမှထိခိုက်တာမဟုတ်ဘူး။ အဓိက ပြည်သူလူထုထိခိုက်ဖို့အတွက် သူတို့ရည်ရွယ်ပြီးလုပ်တဲ့ပုံစံ ဖြစ်နေတာပဲ။ အဲဒီဘက်မှာရှိတဲ့ ရွာတွေက ပြည်သူလူထုတွေက အဲဒီလိုလမ်းပိတ်လို့ရှိရင်ကွာ နောက်ဆုံးဘယ်လိုပြောရမလဲဆိုတော့ တော်လှန်ရေးအင်အားစုတွေ၊ EAOတွေကြောင့်ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာ” လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်လေးဖြတ်မဟာဗျူဟာတွေကို ထပ်မံအသုံးပြုလုပ်ဆောင်လာနေပြီး ကျေးရွာတွေအပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လမ်းပိတ်ဆို့တာ၊ ဆက်သွယ်ရေး ဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ KNU က ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးကလည်း မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်အောင် ကျေးရွာတွေကို ဖျက်ဆီးတာ၊ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ မပေးနိုင်အောင် တားဆီးတာ၊ စစ်တပ်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အစားအသောက်၊ ငွေကြေးအထောက်အပံ့နဲ့ သတင်းနဲ့တပ်ဖွဲ့ဝင်သစ်တွေ မစုဆောင်းနိုင်အောင်ပိတ်ဆို့မှုစတဲ့ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေတယ်လို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.