သထုံ၊ မေ(၂၃)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ ခရီး သည်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၂၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ ရန်ကုန်ကနေ မြဝတီဘက်သို့ မောင်းနှင်းလာတဲ့ မှန်လုံယာဉ်အသေးစား ခရီးသည်တင်ယာဉ်ဟာ ကမာစိုင်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် ဦးလှမင်းထွန်း၊ အသက် ၄၃ နှစ်အရွယ် ဦးမြင့်ဇော်၊ အသက် ၃၆ နှစ်အရွယ် ကိုအောင်မွန်ဦးတို့ ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။
အဲဒီထဲမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဦးမြင့်ဇော်ကို သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန် ၂ ဦးကိုတော့ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ခရီးသည်ယာဉ်ကို ကရင်အမျိုးသားအစည်းရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။
သထုံခရိုင်PDF တာဝန်ခံကိုအေးမင်းထွန်းကတော့ ခရီးသည်ယာဉ် မိုင်းဆွဲတိုက်ခိုက်မှုတွေကို သူတို့ဘက်က လုပ်ဆောင်တာမရှိကြောင်းနဲ့ အခုဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီးမှာ ၁၂ ဘီး ကုန်တင်ယာဉ် မိုင်းထိမှန်တာကြောင့် ယာဉ်မောင်းအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို ခရီး သည်ယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် ခရီးသည်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ