ပေါင်၊ မေ(၂၃)

မွန်ပြည်နယ်ပေါင်မြို့နယ် ဖလမ်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ မေ ၂၂ ရက်နေ့ မနက်အစောပိုင်းက လောင်းကစားဝိုင်းကနေပြန်လာတဲ့ လင်မယား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၃ နာရီလောက်မှာ ဇင်းကျိုက်မြို့ အာဝါဒေးလောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက် ၄၉ နှစ်အရွယ်ဦးမြင့်လွင်နဲ့ အသက် ၄၇ နှစ်အရွယ် ဇနီးဖြစ်သူဒေါ်ခင်သီတာထွန်းတို့ ၂ ဦးဟာ သေနတ်နဲ့ ပစ်သတ်ခံရပြီး လမ်းပေါ်မှာ လဲကျသေဆုံးနေတာပါ။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ဦးမြင့်လွင်မှာ ညာမျက်စိ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာလက်မောင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဒေါ်ခင်သီတာထွန်းမှာ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲမျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ နေရာမှာပဲသေဆုံးသွားခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ သေနတ်နဲ့ပစ်သတ်ခံရတဲ့ လင်မယား ၂ ဦးဟာ လောင်းကစားဒိုင်တွေ ဖြစ်တယ်လို့ ဆိုကြပေမယ့် ဒီသေဆုံးမှုဖြစ်စဉ်အပေါ် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သေဆုံးသွားတဲ့ လင်မယား ၂ ဦးကိုတော့ ဒေသခံတွေ အကူအညီနဲ့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ လင်မယား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ပစ်သတ်သွားမယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

ဇင်းကျိုက်မြို့ အာဝါဒေးလောင်းကစားဝိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး သိန်းနဲ့ထောင်ချီ လောင်းကစားပြုလုပ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.