မဲဆောက်၊ မေ(၂၃)
မြန်မာ့အရေးနဲ့ပတ်သက်ပြီး လူသားဘဝလုံခြုံရေးကို အာရုံစိုက်ပြီး အရေးပါတဲ့ အင်းအာစုအားလုံးနဲ့ ဆက်သွယ်ညှိနှိုင်းမယ့် မူဝါဒရှိတယ်လို့ ရွေးကောက်ပွဲအနိုင်ရ ထိုင်းဝန်ကြီးချုပ်လောင်း Move Froward ပါတီ ခေါင်းဆောင်ပီတာလင်ဂျာရိုရတ်က မေ ၂၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလာပါတယ်။
လူသားဘဝလုံခြုံရေးကို အခြေခံတဲ့မူဝါဒမှာ လူသားချင်းစာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘဝလုံခြုံ တိုးတက်ရေးအပိုင်းတွေပါ ပါဝင်တယ်လို့ သူ့ရဲ့လူမှုကွန်ရက် Twitter အကောင့်ကနေ ဖော်ပြထားတာပါ။
အဲဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအပြင် နိုင်ငံတကာ အ သိုက်အဝန်းအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
သေရေးရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းသင့်မြန်မာပြည်သူတွေကို ပထမဦးစား ပေးအနေနဲ့ အထောက်အပံ့တွေ ပေးရမှာဖြစ်တယ်လို့ ပီတာလင်ဂျာရိုရတ်က ထိုင်းအစိုးရနဲ့ နိုင်ငံတ ကာကို သူ့ရဲ့နိုင်ငံခြားရေးမူဝါဒအသစ်နဲ့ တောင်းဆိုထားတာပါ။
နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်တဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ငြိမ်းသစ်က Move Forward ပါတီ ဦးဆောင်တဲ့ အစိုးရဖြစ်လာရင် မြန်မာစစ်တပ်အပေါ် နိုင်ငံရေးအရ ဖိအာပေးတာတွေ ရှိလာနိုင်သလို ခိုလှုံနေသူတွေကို နေထိုင်ရေးအဆင်ပြေအောင် လုပ်ပေးနိုင်ပေမယ့် မြန်မာ့အရေး အများကြီးမျှော်လင့်လို့မရဘူးလို့ သုံးသပ်ပါတယ်။
“နိုင်ငံရေးအရ ဖိအားပေးတာမျိုးတွေ လုပ်လာနိုင်တယ်။ နောက်တစ်ခါ ထိုင်းမှာခိုလှုံနေတဲ့ ဒုက္ခသည်တွေ၊ စစ်ရှောင်တွေ စစ်ကောင်စီကလိုက်ဖမ်းလို့ ထွက်ပြေးလာရသူတွေ၊ ပြီးတဲ့အခါ CDM တို့က အ ခုထက်ပိုပြီးတော့ နည်းနည်းနေလို့ထိုင်လို့ အဆင်ပြေမယ်ပေါ့။ ဆိုတော့ အဲဒီလောက်တော့ ဖြစ်လာနိုင်တယ်။ သို့သော် အများမျှော်လင့်နေသလို မြန်မာ့နိုင်ငံရေးကို ခါတောင်းကျိုက်ပြီး အားပေးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံမှာလည်း သူတို့နိုင်ငံသားတွေရဲ့ အရေးကြီးတဲ့ လိုအပ် ချက်တွေရှိတယ်၊ ပြီးရင်သူတို့နိုင်ငံရဲ့ အကျိုးစီးပွားတွေရှိတယ်။ အဲဒီတော့ ဘယ်နိုင်ငံမဆို သူတို့နိုင် ငံရဲ့ အကျိုးစီးပွားက နံပါတ်တစ်၊ သူတို့နိုင်ငံအကျိုးစီးပွားပြီးမှသာလျှင် တခြားနိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုဆက်ဆံမလဲ၊ ဘယ်သူ့ကို ထောက်ပံ့ဆက်ဆံမလဲဆိုတာ စဉ်းစားတာ”လို့ သူက ဆိုပါတယ်။
ပီတာလင်ဂျာရိုရတ်ဟာ ထိုင်းရွေးကောက်ပွဲအပြီး မေ ၁၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာ့အရေးလူသားချင်းစာနာမှု အထောက်အပံ့တွေအတွက် စစ်ပွဲကင်းမဲ့ဇုန်တွေ ဖော်ဆောင်ပြီး ကူညီသွားမယ်လို့ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းသွားမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပူးပေါင်းကာ မြန်မာပြည်သူတွေ သူတို့နိုင်ငံရေးကို ကိုယ်တိုင်ဖြေရှင်းလာနိုင်အောင် ဖိအားပေးသွားမယ်လို့ ဆိုထားပါတယ်။
ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်တစ်ခုနီးပါး စစ်တပ်အာဏာသိမ်းမှု အကြိမ်ကြိမ်ရှိခဲ့တဲ့ ဒီမိုကရေစီဗန်းပြ စစ်တပ်လွှမ်းမိုးအုပ်စိုးတဲ့စနစ်ဖြစ်နေပြီး အာဏာပိုင်အဆက်ဆက်ကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကိုယ်ကျိုးစီးပွားကလွဲရင် စိတ်ဝင်စားမှုမရှိခဲ့ကြပါဘူး။
လက်ရှိထိုင်းရွေးကောက်ပွဲကနေ အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ရဲ့ မြန်မာ့အရေး အလေးထားဆောင်ရွက်မှုတွေနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ အရင်ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ပရာယွတ်နဲ့စာရင် အလေးသာမှုရှိနေတာပါ။
ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း မစ္စတာပီတာအနေနဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ လတ်တလောမှာ မလွယ်သေးတာ တွေ့နေရပြီး သူသာ ဝန်ကြီးချုပ်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို အိမ်နီးနားချင်းပီသစွာ ဆောင်ရွက်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
‘ကျွန်တော်တို့အမြင်က သူကတော့ ဝန်ကြီးချုပ်ဖွဲ့ဖို့ လောလောဆယ် လတ်တလောမှာ တော်တော်မလွယ်သေးတဲ့လက္ခဏာတွေ့နေရတယ်။ ဘာကြောင့်လဲဆိုတော့ အထက်လွှတ်တော်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံလိုပဲ မည်သူတစ်ဦးတစ်ယောက်မှ ရွေးချယ်စရာမလိုဘဲ Automatic ရှိနေတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့အား သူ့ဆီပါလာမှ သူကဝန်ကြီးချုပ်ဖွဲ့လို့ရမှာ ဖြစ်တယ်။ လောလော ဆယ် သူတတ်နိုင်သလောက် သူနဲ့စိတ်ဓာတ်သဘောထားချင်း၊ မူဝါဒချင်းတူညီတဲ့ ပါတီ ၈ ရပ်ကို ပေါင်းစပ်လိုက်တဲ့အခါမှာ အောက်လွှတ်တော်မှာ ၃၁၃ စု သူရနေတာ အိုကေပြနေပြီလေ။ သို့သော် အထက်လွှတ်တော်ကလူကို ဘယ်လောက်ထိ ဆွဲဆောင်နိုင် မှာလဲဆိုတာမူတည်ပြီး သူကဝန်ကြီးချုပ်ဖြစ်မှာပါ။ သူသာဝန်ကြီးချုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို အရှိန်အဟုန်ကောင်းစွာနဲ့ အိမ်နီးနားချင်းပီသစွာ ဆောင်ရွက်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။
Move Froward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုထားပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ တခြား နိုင်ငံရေးပါတီ ၇ ခုနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ကာ ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာ ၃၁၃ မဲ ရရှိထားပြီလို့ ဆိုထားပါတယ်။
ထိုင်းအောက်လွှတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၅၀၀ ရှိတဲ့အတွက် အစိုးရဖွဲ့နိုင်ဖို့ ထိုင်းအခြေခံဥပဒေသတ်မှတ်ချက်အရ ကိုယ်စားလှယ်ပေါင်း ၃၇၆ ဦးရဲ့ ထောက်ခံဆန္ဒမဲ လိုအပ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ပါဝင်ကြသူ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ ကိုယ်စားလှယ်တချို့ဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဝင်ရောက်ခိုလှုံနေကြရပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီဘက်ကိုယိမ်းတဲ့ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းမှာခိုလှုံနေကြတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေကို နေအိမ်အထိဝင်ရောက်ရှာဖွေ ဖမ်းဆီးတဲ့ဖြစ်စဉ်တွေလည်း ရှိနေတာကြောင့် Move Forward ပါတီအာဏာရဖို့ မြန်မာပြည်သူတွေ မျှော်လင့်နေကြတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media